အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ပဲလေစ့်နဲ့ပွဲမှာတော့ မာနေး၊ ဆာလာ၊ ကိတ်တာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးက ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ အေစီမီလန်ပွဲနေ့က ခံစစ်ကြောင်း တစ်ခုလုံးကို အပြောင်းအလဲ ပြုလုပ်ခဲ့ကာ ကိုနတေးနဲ့ ဗန်ဒိုက် ဗဟိုခံစစ်အတွဲကို ထုတ်သုံးခဲ့တယ်။ ညာအစွန်လူ ထရန့် ဖျားနေလို့ မပါနိုင်ကာ သူ့နေရာမှာ မီလ်နာ ဝင်လာကာ ဘယ်ခြမ်းမှာ ကိုစတက်ကို ပွဲထုတ်ပါတယ်။ ထရန့်ရဲ့ အဖျားက သာမာန်ပဲဖြစ်ကာ ကိုဗစ် မဟုတ်ဘူးလို့ သိရတယ်။

ကွင်းလယ်နဲ့ကတော့ ဒီရာသီ ကလော့ပ် အကြိုက်ဆုံး တွဲဘက်လို့ ကြားထားရတဲ့ ဖာဘင်ညို၊ သီယာဂို၊ ဟန်ဒိုကို ပထမဆုံးအကြိမ် ထုတ်သုံးခြင်းဖြစ်ပါတယ်။ တိုက်စစ်မှာတော့ အေစီမီလန်ပွဲမှာ အနားရထားတဲ့ မာနေးကို ပွဲထွက် လူစာရင်းက ထုတ်သုံးကာ ဆာလာ၊ ဂျိုတာတို့ဖြင့် ပွဲထုတ်ပါတယ်။

ပထမပိုင်းမှာ လီဗာပူးက အထနှေးခဲ့ပြီး ပဲလေစ့်ရဲ့ မာမာထန်ထန် တုန့်ပြန်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ ပဲလေစ့်ရဲ့ ဖိအားပေးမှုအောက်မှာ လီဗာပူးက အယောင်ယောင်အမှားမှားတွေ ဖြစ်ခဲ့ပေမယ့် ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခြင်းနဲ့အတူ ပြန်လည် အတွဲမိလာပြီး ပိုင်ဆိုင်မှုပိုင်း လွှမ်းမိုး ကစားနိုင်ပါတယ်။ ပဲလေစ့်ရဲ့ ကောင်တာတွေကိုတော့ အနည်းငယ် သတိကြီးထားနေရတဲ့ အနေအထားဖြစ်တယ်။

လီဗာပူးဘက်က သီယာဂိုရဲ့ ဘောလုံးအထိန်း အဖြန့်နဲ့ ဟန်ဒါဆန်ရဲ့ အလှုပ်ကစားမှုက ကွင်းလယ်တန်ပိုကို ထိန်းထားနိုင်ခဲ့တယ်။ ပဲလေစ့် ဧရိယာတစ်ဝိုက်မှာ အခွင့်အရေးတွေ အကြိမ်ကြိမ်ရပြီး ပဲလေစ့်ခံစစ်ကလည်း ကြံ့ကြံ့ခိုင်နိုင်လွန်းနေခဲ့တယ်။ ဟန်ဒါဆန်၊ သီယာဂိုတို့ရဲ့ ပိတ်ချက်တွေ ပြိုင်ဘက် ဂိုးသမားနဲ့ ခံစစ်သမားတွေ ကာကွယ်နိုင်ခဲ့သလို ဂျိုတာရဲ့ အနီးကပ် ပိတ်သွင်းမှု အားများပြီး မိုးထောင်ခဲ့တာကလည်း အတော်လေး နစ်နာပါတယ်။

အဖွင့်ဂိုးကတော့ ကိုစတက်ရဲ့ ထောင့်ကန်ဘောကို ဆာလာ ပြေးဝင် ခေါင်းတိုက်ရာက ဂိုးထောင့်ဘက်မှာ ပဲလေစ့်ဂိုးသမား ပုပ်ထုတ်ခဲ့ပြီး အနားမှာရှိတဲ့ မာနေးက ပိတ်သွင်းခြင်းဖြစ်ပါတယ်။ ပထမပိုင်းမှာ ကိုနတေး ကစားပုံ မဆိုးလှဘဲ ဇာဟာကို ထိန်းထားနိုင်သလို ဘန်တီကီရဲ့ ထိုးဖောက်မှု တစ်ကြိမ်ကို ပါးနပ်စွာ ကာကွယ်ပေးခဲ့ပါတယ်။ ညာခြမ်းမှာ ဇာဟာကို ထိန်းနိုင်ဖို့ မီလ်နာ ခပ်ကြမ်းကြမ်း ကစားနေခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးက ပဲလေစ့်ဘက်ကို ထိုးဖောက်နိုင်ဖို့ ပိုမို ခက်ခဲလာကာ ကစားပုံက ပိုမို ကျပ်တည်းလာခဲ့တယ်။ တိုက်စစ် ထိုးဖောက်ဖို့အပြင် ပဲလေစ့်ရဲ့ ပြင်းပြင်းထန်ထန် အားထုတ်မှုကိုပါ တောင့်ခံလာရပါတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅% လောက် လွှမ်းမိုးနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ ပဲလေစ့်ကလည်း အတော်လေး ကစားခွင့်ရခဲ့ပါတယ်။

စိတ်မကောင်းစရာက သီယာဂို ခြေစွမ်း တော်တော်ကောင်းနေချိန်မှာ ပဲလေစ့်ဘက်က ဇာဟာနဲ့ ဘောလုံးယှဉ်လုရင်း ဒဏ်ရာရခဲ့တာကြောင့် ကိတ်တာနဲ့ လူစားလဲခဲ့ရပါတယ်။ ဥမင်ထဲကို ချက်ခြင်းဝင်သွားခဲ့တာကြောင့် ဒဏ်ရာက သိသာစွာ စစ်ဆေးဖို့လိုတဲ့ အခြေအနေလို့ ယုံကြည်ရတယ်။

ပဲလေစ့်ဘက်က ဒုတိယပိုင်းမှာ ကောင်တာတိုက်စစ်အပြင် လီဗာပူးဂိုးဘက်ခြမ်းမှာ ပိုင်ဆိုင်မှုတွေဖြင့် ကစားခွင့်တွေပါ ရခဲ့ပေမယ့် ကိုနတေး၊ ဗန်ဒိုက်၊ အယ်လီဆန်တို့ အကောင်းဆုံး ကာကွယ်ပြခဲ့တယ်။ ကိုနတေးရဲ့ ခံစစ်ကစားပုံ မဆိုးလှဘဲ ရုပ်ပိုင်းဆိုင်ရာကောင်းတဲ့ ပဲလေစ့်တိုက်စစ်သမားတွေနဲ့ တစ်ဦးချင်း ကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။

ဒီနေ့ပွဲမှာ လီဗာပူးရဲ့ သွင်းဂိုးတွေက တည်ကန်ဘောတွေကနေ စတင်လာခြင်းဖြစ်ပြီး ဒီရာသီမှာ အလုပ်မဖြစ်ဘူးဖြစ်နေတဲ့ ထောင့်ကန်ဘောတွေက ဖောက်ထွက်ရခက်နေတဲ့ ပဲလေစ့် သွင်းဂိုးယူဖို့ ကြိုးစားချိန်မှာတော့ အလုပ်ဖြစ်လှပါတယ်။ ပဲလေစ့်ဟာ ကိုနတေး၊ ဗန်ဒိုက်တို့ကို မဲနေချိန်မှာ ဆာလာ၊ မာနေးတို့ တစ်သိုက်က ဝင်ဝင်ပြီး အခွင့်အရေး ရှာသွားခဲ့တာဖြစ်တယ်။

ဒုတိယဂိုးကလည်း ကိုစတက်ရဲ့ ထောင့်ကန်ဘောက ရလာတဲ့ အခွင့်အရေးကို ဆာလာ ပိတ်သွင်းခဲ့ခြင်းဖြစ်တယ်။ တတိယဂိုးကတော့ သီယာဂိုနေရာ လူစားဝင်လာတဲ့ ကိတ်တာက ဧရိယာထိပ်မှာ မြေမကျဘော အပြင်းကန်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ဂိုးတွေပြတ်အပြီး လီဗာပူးပရိသတ်တွေက ” ငါတို့မှာ ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် လိဂ်ကိုတော့ အနိုင်ရနေဆဲပါပဲ ” ဆိုတဲ့ စာသားကို သီချင်းလုပ်ပြီး သံပြိုင် ဟစ်ကြွေးခဲ့ကြတယ်။

ဒီကနေ့ နိုင်ပွဲဟာ လီဗာပူးရဲ့ တိုက်စစ်နဲ့ ခံစစ်မှာ အသင်းလိုက် ညီညွှတ်စွာ ကစားခြင်းကြောင့် အောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမပိုင်းမှာ ရလာတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးမှု များခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တစ်ကြိမ်ဆိုရင် ဆိုသလောက် ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အမှတ်ပေးပွဲ ၅ ပွဲ ကစားပြီးချိန်မှာ လီဗာပူးက ၄ ပွဲနိုင် ၁ ပွဲ သရေ ရမှတ် ၁၃ မှတ်ဖြင့် လိဂ်ကို ဦးဆောင်နေဆဲဖြစ်ပါတယ်။