သီယာဂိုက မာဆေးဆိုဒ်မှာ သူ့ရဲ့ ပထမဆုံး ၁၂ လတာ ကာလကို ကျော်လွန်ခဲ့ပြီဖြစ်သလို ကစားသမား အနေနဲ့ နောက်ထပ် အများကြီး လုပ်ပြဖို့ ရှိသေးတယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ စပိန်သားအတွက် ဘိုင်ယန်မြူးနစ်ကို ပေါင် ၂၅ သန်း ပေးချေခဲ့ရတာပါ။ ကလပ်မှာ သူ့ရဲ့ ပထမနှစ်ဟာ အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အတက်အကျတွေ ရောထွေးနေခဲ့ပေမယ့် အသက် ၃၀ အရွယ် ကစားသမားရဲ့ အရည်အသွေး အပြည့်အစုံကို မြင်တွေ့ရတောမ့ယ်လို့ ကလော့ပ်က ယုံကြည်နေတာ ဖြစ်ပါတယ်။

“တာထွက်က ပြီးပြည့်စုံမှု မရှိခဲ့ပါဘူး။ သူ ကိုဗစ်ကူးစက်ခံရတယ်။ စောစောစီးစီး ဒဏ်ရာရတယ်။ ဒါတွေက သူ့ကို အများကြီး ပိုပြီး ခက်ခဲစေတာပါ။ ဒါပေမယ့် သူက ကျွန်တော့်တို့အတွက် ဘယ်လို ကစားသမား ဖြစ်လာမလဲဆိုတာကို ပြသခဲ့တယ်။ နောက်ထပ် အများကြီး သူလုပ်ပြဦးမှာပါ။

တစ်နှစ်တော့ ရှိသွားပြီဆိုပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အနှောင့်အယှက်တွေကြောင့် နှစ်ဝက်လောက်ပဲ ကစားရပါသေးတယ်။ ကျွန်တော်တို့ဘဝတွေ အခက်ခဲဆုံးအချိန်မှာ ကလပ်အသစ်ကို ရောက်လာပြီးတော့ သူက ကောာင်းကောင်း အထိုင်ကျခဲ့တယ်။ သူ့မိသားစုက ဒီမှာရှိတယ်။ ဒီနေနေရာကို သူ သဘောကျသလို မြန်မြန်ဆန်ဆန်ပဲ အသင်းရဲ့ ကွင်းလယ်မှာ နေရာရခဲ့တယ်။

သူက တကယ့်လူတော်တစ်ယောက်ပါ။ ကောင်းမွန်တဲ့ ပင်ကိုယ်အရည်အသွေးရှိပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။ အရာအာလုံး အဆင်ပြေပါတယ်”လို့ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ ကလော့ပ်က ပြောဆိုခဲ့တာပါ။

လီဗာပူးအသင်းမှာ သီယာဂိုရဲ့ နေရာနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ကလော့ပ်က သူ့ကို ဂေါ့ဖ် ကစားသမားနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

“ သူက ဘိုင်ယန်မှာတုန်းက ကွင်းလယ်နံပါတ် ၆ နှစ်ဦးတွဲ နေရာမှာ မကြာခဏ ကစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ ကွင်းက ရှုပ်ထွေးတဲ့ နေရာပဲ။ မင်းက တိုက်စစ်ရော ခံစစ်ရော လိုက်ပါရပြီး တိုက်စစ်နဲ့ ခံစစ် လိုင်းနှစ်ခုကြားမှာ ရှိနေရတယ်။ ဘောလုံးကို လက်ခံရဖို့ နောက်ဆုံးစည်းအထိ ဆင်းပေးရပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။

ဒါပေမယ့် သီယာဂိုက နဂိုထဲက အဲ့နေရာမှာ ကစားတာပါ။ ကျွန်တော်တို့ သူ့ကို ပွဲထဲမှာ အလုပ် ၁၅ခု၊ ၁၆ခုလောက် ပေးထားတာ မဟုတ်ဘူး။ နောက်ဆုံးစည်းရဲ့အနောက်မှာ ပုံမှန် ပြေးလွှားနေဖို့ ကျွန်တော်သူ့ကို မတောင်းဆိုပါဘူး။ သူက ပလေးမိတ်ကာ တစ်ယောက်ပါ။ တခါတလေ အတွင်းလူနေရာထိ ဆင်းကစားရပေမယ့် သူက စိတ်ဝင်စားစရာ လိုင်းနှစ်ခုကြားမှာ အဓိက ကစားရမှာပါ။

သူ့မှာ သိပ်ကောင်းတဲ့ အမြင်ရှိတယ်။ သူ့ရဲ့ ပေးပို့မှုနဲ့ ကိစ္စတွေကို ပြောင်းလဲပေးနိုင်တယ်။ ပိတ်ထားတဲ့ နေရာတွေမှာဆိုရင် သူ့ရဲ့ ပေးပို့မှုတွေက စိပ်ကောင်းပါတယ်။ သူက ဂေါ့ဖ်သမား တစ်ယောက်လို နေရာတစ်ခုစီကို ဘောလုံးတွေ လှိမ့်တင်ပေးနိုင်တယ်။ သူက သိပ်ကောင်းတဲ့ ဂေါ့ဖ်သမားကောင်းတစ်ယောက်ပဲ။ ကမ္ဘာ့အဆင့် ဂေါ့ဖ်ကစားသမားပေါ့။ သူက သိပ်စဉ်းစားစရာတောင် မလိုပဲ ပေးမှုတွေကို လုပ်နိုင်ပါတယ်။

သူ့ကစားပုံကို ကျွန်တော် သဘောကျတယ်။ ကျွန်တော်တို့အတွက် ကစားပေးရတဲ့ နံပါတ် ၈ နေရာဆိုတာက ရှုပ်ထွေးတဲ့ နေရာတစ်ခုပါ။ ကျွန်တော်တို့မှာ မတူညီတဲ့ စကေးတွေရှိပြီး မတူညီတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့အခါ အသင်းမှာရှိတဲ့ မတူညီတဲ့ တစ်ဦးချင်း အရည်အသွေးတွေကို အသုံးချရပါတယ်”လို့ကလော့ပ်က ပြောဆိုခဲ့တာပါ။