လီဗာပူးအသင်းဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၈း၃၀ နာရီမှာတော့ ပဲလေစ့်ကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကြားရက်မှာ လီဗာပူးက နော့ဝစ်ချ်နဲ့ ကာရာဘောင်းပွဲရှိတာကြောင့် ပွဲကစားခွင့် နည်းနေတဲ့ အရန်ကစားသမားတွေကို နေရာပေးဖို့ အခွင့်အရေး ရှိနေပြီး ပဲလေစ့်နဲ့ပွဲကို တောင့်တင်းတဲ့ လူစာရင်းဖြင့် ပွဲထုတ်လာမယ် မျှော်လင့်ရပါတယ်။

ကလော့ပ်ဟာ ပဲလေ့စ်နဲ့ ပွဲအတွက် တိုက်စစ်မှူး ဖာမင်နို မပါပဲ ကစားရမှာဖြစ်ပြီး ဘရာဇီးသားဟာ ပြီးခဲ့တဲ့လက ချယ်ဆီးနဲ့ပွဲမှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာအပြီး လေ့ကျင့်ရေး ပြန်မဆင်းရသေးတာ ဖြစ်ပါတယ်။

တခြားသော စိုးရိမ်စရာကစားသမားတွေ မရှိပေမယ့်လဲ ဗုဒ္ဓဟူးနေ့တုန်းက မီလန်ကို နိုင်ခဲ့တဲ့ပွဲအတွက် ဗန်ဒိုက်နဲ့ ဆာလာတို့လို ကစားသမားတွေကို အနားပေးခဲ့တဲ့နောက် အခုပွဲမှာ ထပ်မံပြီးတော့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲတွေ လုပ်မှာဖြစ်ကြောင်း အရိပ်အမြွက်ပေးခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့ ပွဲချိန်ဇယားအကြောင်း အများကြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် တစ်ပတ် ၃ ပွဲက ကျွန်တော်တို့အတွက် ပုံမှန်ပါပဲ။ ဒီလိုအရာတွေကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကောင်လေးတွေက ကောင်းကောင်းလုပ်ခဲ့တာဖြစ်ပေမယ့် ဒီပွဲမှာလဲ ကျွန်တော်တို့ ထပ်ပြီးတော့ အပြောင်းအလဲတွေ လုပ်ရဦးမယ်ဆိုတာ ရှင်းပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ပဲလေ့စ်ပွဲကြို ထူးခြားသတင်း

  • ဖာမင်နိုဟာ ပဲလေစ့်နဲ့ပွဲအတွက် အဆင်သင့် မဖြစ်သေးပါဘူး
  • အိုရီဂီက အေစီမီလန်ပွဲမှာ ကြွက်တက်ခဲ့ခြင်း ဖြစ်တယ်
  • နီကိုး ဝီလီယမ် ဒဏ်ရာကြောင့် မပါနိုင်သေးပါဘူး
  • ပဲလေစ့်နဲ့ပွဲမှာ အပြောင်းအလဲတွေ ထပ်ရှိမယ်လို့ ကလော့ပ် ပြောပါတယ်

Liverpool’s XI vs. Crystal Palace

ယာဂင်ကလော့ပ်ရဲ့ အေစီမီလန်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ အနားပေးထားတဲ့ ကစားသမားအချို့ကို ပဲလေစ့်နဲ့ပွဲမှာ ပြန်လည် ထုတ်သုံးပြီး ပွဲထွက်လူစာရင်းကို ပြောင်းလဲလာနိုင်ပါတယ်။

ခံစစ်အထိုင်အဖြစ် အယ်လီဆန်၊ ထရန့်ကတော့ ဆက်လက် ပါဝင်ဦးမှာပါ။ ဗဟိုခံစစ်အတွဲအဖြစ် အေစီမီလန်နဲ့ပွဲမှာ ပွဲထွက်ထားတဲ့ မာတစ်နဲ့ ဂိုးမက်စ်တို့နေရာမှာ ဗန်ဒိုက်၊ ကိုနတေးတို့ကို ထည့်ကစားမယ်လို့ မျှော်လင့်ရတယ်။ သို့မဟုတ် ဗန်ဒိုက်နဲ့ ဂိုးမက်စ်ကို တွဲပေးမလားလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုနတေးဟာ ဒီရာသီ လီဗာပူးအသင်းထံ ရောက်လာပြီးတည်းက ပွဲထွက်ခွင့် မရသေးပါဘူး။ မနှစ်ကရာသီ ကာလရှည် ဒဏ်ရာရထားတဲ့ ကစားသမား ၂ ဦးကို တစ်ပြိုင်နက် ပွဲထုတ်မှုထက်စာရင်း ပဲလေစ့်ပွဲမှာ ဗန်ဒိုက်၊ ကိုနတေးကို ပွဲထုတ်ပြီး ကြားရက် ကာရာဘောင်းပွဲမှာ ဂိုးမက်စ်၊ နက်ဖီးလစ်တို့ကို ပွဲထုတ်ခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ မျှော်လင့်ရတယ်။

ဘယ်အစွန်မှာတော့ ရော်ဘတ်ဆန်ကို အနားပေးတော့မယ့် အခြေအနေ ရှိလာမှာဖြစ်ပြီး ပဲလေစ့်ပွဲမှာ အနားပေးခြင်းထက် ကာရာဘောင်းပွဲမှာ အနားပေးဖို့ကို ရွေးချယ်မယ်လို့ ယူဆရပါတယ်။

ဒီရာသီ လီဗာပူးအသင်းရဲ့ ကွင်းလယ် တွဲဘက်မှုကလည်း စိတ်ဝင်စားစရာ အခြေအနေ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဖာဘင်ညိုက နံပါတ် ၆ နေရာအတွက် အဓိက ရွေးချယ်စရာဖြစ်ပေမယ့် ကျန် ကွင်းလယ် နှစ်နေရာအတွက်က အခုထိ တသမတ်တည်း မရှိသေးပါဘူး။

ယာဂင်ဟာ ကွင်းလယ်ခံစစ်မှာ တစ်ဦးကို အထိုင်ထားပြီး သူ့ရှေ့မှာ နံပါတ် ၈ နေရာ နှစ်ဦးတွဲ သုံးမှု (သို့) ကွင်းလယ်လူ နှစ်ဦးတွဲကိုမှ နံပါတ် ၁၀ နေရာ အားသန်သူ တစ်ဦးထည့်မှု ဆိုတဲ့ စနစ် နှစ်မျိူးကို အသုံးပြုနေတာဖြစ်တယ်။

ကွင်းလယ်မှာ ဖာဘင်ညို၊ သီယာဂို၊ ဟန်ဒို၊ ကိတ်တာတို့ ကြံ့ခိုင်မှု ကောင်းနေပြီး ဂျုံး၊ မီလ်နာ၊ ချိန်ဘာလိန်တို့ကို ရွေးချယ်နိုင်ပါသေးတယ်။ ပဲလေစ့်ပွဲမှာတော့ မန်နေဂျာကလော့ပ်ဟာ ဖာဘင်ညိုကို အထိုင်ထားပြီး သီယာဂို၊ ဟန်ဒို အတွဲကို ထုတ်သုံးမယ်လို့ မျှော်လင့်ရဆဲဖြစ်တယ်။ လီဗာပူး ပွဲထွက်လူစာရင်း ခန့်မှန်းဖို့ ခက်ခဲလာနေတာကတော့ သတင်းကောင်းပဲဖြစ်ပါတယ်။

တိုက်စစ်အတွက်တော့ မာနေး ပွဲထွက်ခွင့်ရမှာဖြစ်ပြီး ဂျိုတာ၊ ဆာလာတို့ကလည်း အနားပေးဖို့ မလိုအောင် ကြံ့ခိုင်နေဆဲဖြစ်ပါတယ်။ အေစီမီလန်နဲ့ပွဲမှာ အိုရီဂီကို ပွဲကစားခွင့် ပေးခဲ့ပြီး ချိန်ဘာလိန်နဲ့ ဂျုံးကိုလည်း လူစားဝင်စေခဲ့ပေမယ့် ခံစစ်နဲ့ ကွင်းလယ် အပြောင်းအလဲ လုပ်ဖို့တွေ ရှိနေတာကြောင့် တိုက်စစ်ကိုတော့ မာနေး၊ ဂျိုတာ၊ ဆာလာတို့ကိုပဲ ထုတ်သုံးမယ်လို့ ခန့်မှန်းရပါတယ်။

Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Fabinho, Henderson, Thiago; Salah, Mane, Jota