လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပဲလေစ့်ပွဲကြိုမှာပဲ အသင်းပရိသတ်တွေကို ကာလတိုပဲ မကြည့်ဖို့နဲ့ ဘောလုံးရာသီကို မျက်စိတစ်ဆုံး ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အေစီမီလန်နဲ့ပွဲမှာတော့ ယာဂင်ကလော့ပ်ဟာ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို အနားပေးပြီး ဂိုးမက်စ်ကို ထုတ်သုံးခဲ့တာပါ။ ဒါဟာ ၃ ရက် တစ်ပွဲ ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ကလပ်ရဲ့ အဓိက ခံစစ်မှူးကို ဒဏ်ရာနဲ့ ပတ်သက်ပြီး ဘာအသံမှ မကြားလိုတာကြောင့် ကြိုတင် ကာကွယ်မှုလည်း ဖြစ်ခဲ့တယ်။

ဘောလုံးရာသီရှည်ကို သွားရမှာမို့ ပရိသတ်ကြိုက် လိုက်နေဖို့ထက် အသင်းရဲ့ ကြံ့ခိုင်မှု အခြေအနေကောင်းတွေကို ထိန်းသိမ်းဖို့ကိုပဲ ယာဂင်က အာရုံစိုက်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အနေအထားက အမြဲဖြစ်နေမှာမျိုး မဟုတ်ပါဘူး။

ယာဂင်ကပဲ “ ဗာဂျယ်ကို အနားပေးတာမျိုးက ကာလတိုအတွက်လို့ပဲ ပြောပရစေ။ ကျနေ်ာတို့ ဘောလုံးရာသီရှည်ကြီး တစ်ခုကို ကျော်ဖြတ်ရဦးမှာပါ။ အထူးသဖြင့် ကာလရှည် အနားယူထားရတဲ့ ဗာဂျယ်အတွက်ပေါ့။ သူက အရမ်း အဆင်ပြေနေပါတယ်။ သူ ပါဝင် ကစားပေးလို့လည်း ရပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီလို အခိုက်အတန့်တွေကို အမျှော်အမြင်ရှိရှိ အသုံးချလိုပါတယ်။

မီလန်ပွဲမှာ ကောင်းကောင်း အလုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အဲ့ပွဲကလိုမျိုး အတိအကျကြီး လာမယ့်ပွဲတွေမှာ ထပ်လုပ်မှာ မဟုတ်သလို ဗာဂျယ်က ပွဲတွေအတွက် အဆင်သင့် မဖြစ်သေးပါဘူးလို့ ပြောနေမှာလည်း မဟုတ်ဘူး။ အခုက ဘောလုံးရာသီ အစောပိုင်းပဲ ရှိသေးတာဆိုတော့ မှန်ကန်တဲ့ ကိစ္စတွေကို လုပ်ရဖို့ လိုပါတယ် ” လို့ ရှင်းပြခဲ့တာဖြစ်တယ်။

ပဲလေစ့်နဲ့ပွဲမှာ ဗန်ဒိုက် ပါဝင်ကစားခွင့်ရမယ်ဆိုရင် သူရဲ့ လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်မှာဖြစ်ပါတယ်။ ဗန်ဒိုက်ကို မာတစ်နဲ့ တွဲပေးဖို့ထက် ဂိုးမက်စ် (သို့) ကိုနတေး တစ်ဦးဦးနဲ့ တွဲဘက်ပေးပြီး ပွဲဆက်များနေတဲ့ မာတစ်ကို အနားပေးမယ်လို့လည်း အသံထွက်နေတယ်။ ဒါပေမယ့် အသေအချာကြီးတော့ မပြောနိုင်သေးပါဘူး။

ကင်မရွန်းခံစစ်မှူးဟာ ကလပ်မှာ ဗန်ဒိုက်ထက် ၁၈ လ စောရောက်နေခဲ့သူဖြစ်ပြီး သူ့ရဲ့ မကြာခဏ ရတတ်တဲ့ ဒဏ်ရာတွေကြောင့် လီဗာပူးပရိသတ်တွေကြား ရေပန်းစားမှုက အမြဲတမ်း ဆန့်ငင်ဆန့်ငင်ဖြစ်နေလေ့ ရှိပါတယ်။ ဒီရာသီမှာတော့ လီဗာပူးခံစစ်မှူးတွေထဲမှာ ကြံ့ခိုင်မှု အကောင်းဆုံးနဲ့ သမ္ဘာအရှိဆုံးအဖြစ် မာတစ်က ဦးဆောင်နေခဲ့ပါပြီ။

“ မာတစ်ရဲ့ အရည်အချင်းတွေကို မမြင်နိုင်ဘူးဆိုရင်လည်း ကျနော်တော့ မကူညီပေးတတ်တော့ပါဘူး။ လီဗာပူးမှာ ရှိခဲ့တဲ့ အတိတ်က ကာလတွေမှာ သူ့ရဲ့ ဒဏ်ရာ ပြဿနာက အနည်းငယ် ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် သူက လူကောင်ကြီးတဲ့ အသင်းသားကြီး တစ်ယောက်ပါ။ အရပ်မြင့်တယ်။ အနည်းငယ် တုန်လှုပ်စရာကောင်းတဲ့သူ လို တစ်ခုခုပေါ့ကွာ။ ဒါပေမယ့် သူက ကစားသမားကောင်းပါ။

အသင်းထံ ရောက်လာပြီးတည်းက သူက မယုံနိုင်လောက်အောင် ကောင်းခဲ့တာပါ။ သူ့ရဲ့ အရည်အချင်းကို ကျနေ်ာတို့ အသင်းမှာ လိုပါတယ်။ အခုဆိုရင် ကျနေ်ာတို့မှာ ထိပ်တန်း ခံစစ်မှူး ၅ ဦးတောင် ရှိနေပါပြီ။ ဒါက သိပ်ကိုကောင်းပြီး လိုလည်း လိုအပ်ပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။