လီဗာပူးအသင်းဟာ ပေါ်တိုကို အဝေးကွင်းမှာ ၅-၁ ဖြင့် အနိုင်ရပြီး ချန်ပီယံလိဂ် အုပ်စုတွင်းကို ဆက်လက် ဦးဆောင်ပါတယ်။ ဆာလာ (၂) ဂိုး၊ မာနေး (၁) ဂိုးနဲ့ ဖာမင်နို (၂) ဂိုးတို့ သွင်းယူခဲ့ကြခြင်း ဖြစ်ပါတယ်။

အခြားသော ပွဲစဉ်အဖြစ် အက်သလက်တီကိုက အေစီမီလန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ရမှတ် ၄ မှတ်ဖြင့် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးဟာ တတိယပွဲစဉ်အဖြစ် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင် ကစားရပါမယ်။

ထရန့် မပါနိုင်တဲ့ ပွဲထွက်လူစာရင်းမှာ မီလ်နာကို ထည့်သွင်းခဲ့တာကလွဲလို့ မန်နေဂျာကလော့ပ်ဟာ အပြောင်းအလဲတွေ အများကြီး မလုပ်ခဲ့ပါဘူး။ အဓိက ကစားသမား အစုံအလင် ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ဂျုံးကို ဟန်ဒို၊ ဖာဘင်ညိုတို့နဲ့ တွဲဘက်စေခဲ့တယ်။

ဒီရာသီ လီဗာပူး ကစားခဲ့သမျှအတွင်းမှာ အကောင်းဆုံးပွဲက အေစီမီလန်နဲ့ ပထမပိုင်း ၃၅ မိနစ်အတွင်း ကစားခဲ့စဉ်ဖြစ်တယ်။ ပေါ်တိုပွဲမှာလည်း အဆိုပါ ပုံစံကောင်းကို ဆက်ထိန်းသွားခဲ့ပြီး ပွဲစတည်းက ကစားကွက် အသာစီးဖြင့် စတင်နိုင်ခဲ့ပါတယ်။ ပွဲကို အုပ်မိုးထားခဲ့ပြီး နေရာစုံမှာ အသာစီးရမှုတွေဖြင့် ပွဲကို စတင်ခဲ့တာပါ။

အဖွင့်ဂိုးကတော့ ဘယ်ခြမ်း ကွင်းလယ်လူအဖြစ် ပွဲထွက်လာတဲ့ ဂျုံးရဲ့ သူ့ပုံစံအတိုင်း ဘယ်ခြမ်း ဧရိယာထောင့်ကနေ အပြင်းကန်သွင်းမှုကို ပေါ်တိုခံစစ်သမား ကိုင်တွယ်ပုံ ညံ့ဖျင်းခြင်းကနေ အနားမှာရှိနေတဲ့ ဆာလာက အသာလေး ပိတ်သွင်းခဲ့ပါတယ်။ ဦးဆောင်ဂိုး ရပြီးတဲ့နောက် လီဗာပူးကစားပုံက ပိုမို ကောင်းမွန်လာခဲ့ပြီး ဘယ်ခြမ်းကော ညာခြမ်းကနေပါ ထိုးဖောက်နိုင်ခဲ့တယ်။

ဒါပေမယ့်လို့ ပြိုင်ဘက် ဧရိယာထိပ်မှာ အသင်းဖော်တွေအတွက် လမ်းကြောင်း ရှားပေးမှုတွေအတွင်း အမှားတွေ များလွန်းခဲ့တယ်။ နောက်ဆုံး ပေးချက်တွေ အမှားများမှုကပဲ ကစားကွက်ကောင်းသလောက် သွင်းဂိုး မများရခြင်း အကြောင်းရင်းဖြစ်ပါတယ်။ ဂျိုတာ၊ ဟန်ဒါဆန် အပြင် အဆုံးသတ်ပိုင်းမှာ ဘောလုံးကိုင်သူ အားလုံးနီးပါး ဘောလုံးပေး မှားနေခဲ့ကြတယ်။

ပထမပိုင်းမှာ ဆာလာက ညာခြမ်းမှာ အစွန်ဘက်ပိုင်းကို ပိုကစားပြီး မာနေးက လှုပ်အားနှုန်းအပြည့်နဲ့ တိုးအားကို ပိုအားပြုကစားခဲ့ရတယ်။ ညာခြမ်းကနေ မီလ်နာရဲ့ ဖြတ်တင်ဘောကို ပေါ်တိုဘက်က ခံစစ်သမားတွေကော ဂိုးသမားတွေပါ ကာကွယ်ပုံ တလွဲတွေကနေ ဘယ်ခြမ်းက မာနေးထံ ရောက်သွားပြီး အသာလေး ပိတ်သွင်းပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးရဲ့ အသင်းလိုက် ကစားဟန်က ပထမပိုင်းထက် ပိုကောင်းလာပါတယ်၊ တစ်ဦးချင်း အမှားတွေ လျော့ကျသွားသလို အဆုံးသတ်ပိုင်း ဘောလုံးပေးမှုတွေကလည်း ပိုမို ထိရောက်လာခဲ့တယ်။ ပိုကောင်းတဲ့ ထိုးဖောက်မှု ကွင်းလယ်ထိန်းချုပ်မှု ခံစစ်ကစားမှုတွေနဲ့အတူ မိနစ် ၆၀ မှာတော့ အလန်းစားဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဘယ်ခြမ်းကနေ ဘောလုံးကိုင်လာတဲ့ ဂျုံးဟာ သူ့ဘေးက မာနေးကို ထိုးပြီး မာနေးထံက ဖြတ်တင်ဘောရစေမယ့်အစား ဘောလုံးကို ထိန်းရင်း ထိန်းရင်း ဆာလာအတွက် နေရာလွတ်ကြီး ဖြစ်သွားအောင် စောင့်ပြီးမှ အသာလေး ဘောလုံးထိုးပေးလိုက်မှုဟာ ထိပ်တန်းအဆင့် ဖန်တီးပေးမှုပဲ ဖြစ်ပါတယ်။ အဆိုပါ အခွင့်အရေးကို ဆာလာက သေသေချာချာလေး ပိတ်သွင်းပြီး သူ့ရဲ့ ဒုတိယမြောက် သွင်းဂိုးကို ရယူခဲ့တယ်။

ဒီကနေ့ပွဲမှာ မန်နေဂျာကလော့ပ်ဟာ ဟန်ဒါဆန်ကို ညာခြမ်းကနေ တိုက်စစ်ကို ပိုလိုက်စေပြီး ဘယ်ခြမ်းက ဂျုံးကို ခံစစ် အနည်းငယ် ပိုကူစေတာကလည်း ကွင်းလယ်လူကို ပိုမို ရင့်ကျက်လာစေဖို့ သင်ယူစေတယ်လို့ နားလည်လို့ ရပါတယ်။ ဒါတောင် ဂျုံးက သူ့ရဲ့ ဘောလုံး ကိုင်လိုစိတ်ကို ဖျောက်မရဘဲ မလိုအပ်ဘဲ ဘောလုံး အတော်လေး ကိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိပါသေးတယ်။

တတိယ ဦးဆောင်ဂိုးရပြီး မကြာခင်မှာတော့ မာနေး၊ ဆာလာနဲ့ မီလ်နာနေရာမှာ ဖာမင်နို၊ မီနာမီနိုနဲ့ ဂိုးမက်စ်တို့ ဝင်ကစားပါတယ်။ ကစားပုံ အနည်းငယ် ပေါ့လာကြပြီး ဘောကိုင်များသလို အပျက်လည်း များလာတယ်။ ဒါကြောင့်လည်း ပေါ်တိုက ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီး ခြေပဂိုး ရယူပါတယ်။

မိနစ်ပိုင်း အကြာမှာပဲ ပေါ်တိုရဲ့ ခံစစ်ကစားပုံ ပေါ့လျော့မှုကနေ ဖာမင်နိုက စတုတ္ထဦးဆောင်ဂိုး သွင်းယူခဲ့တယ်၊ သိပ်မကြာခင်မှာ နောက်ထပ် သွင်းဂိုး တစ်ဂိုးကို ဖာမင်နိုက ထပ်မံ သွင်းယူပါတယ်။

ဒီကနေ့ပွဲမှာတော့ ပေါ်တိုရဲ့ ခံစစ်ကစားပုံ ချာလွန်းတယ်လို့ ပြောလို့ရသလို လီဗာပူးရဲ့ ပွဲပလန် အတော်လေး ကောင်းမွန်တယ်လို့လည်း မြင်လို့ ရပါတယ်။ အထူးသဖြင့် ဂျုံးရဲ့ စွမ်းဆောင်ရည်က သိပ်ကို ကောင်းမွန်ခဲ့ပြီး ဒီရာသီတစ်လျှောက်မှာ အကောင်းဆုံးသော တစ်ဦးချင်းအလိုက် ပုံစံကောင်းလို့တောင် မြင်ပေးလို့ ရပါတယ်။

တိုက်စစ်မှူး ဂျိုတာ ကြိုးစားသလောက် အရာမထင် ဖြစ်နေခဲ့တာကတော့ အနည်းငယ် အားမရစရာဖြစ်ပြီး မန်စီးတီးပွဲမှာ ဒီပုံစံကောင်းတွေ ဆက်မြင်ရဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။