ဒီစာရင်းကတော့ လီဗာပူးပရိသတ် ဖန်းဆိုဒ်ဖြစ်တဲ့ TIA က ရွေးချယ်ထားတဲ့ လီဗာပူးအသင်းကို ယာဂင်ကလော့ပ် ကိုင်တွယ်နေစဉ် ၆ နှစ်ကာလအတွင်း အကောင်းဆုံး အသင်းသား (၁၀) ဦး စာရင်းနဲ့ သုံးသပ်ချက် အကျဉ်းပဲ ဖြစ်ပါတယ်။

(၁၀) အန်ဒီ ရောဘတ်ဆန်

လွန်ခဲ့တဲ့ လေးနှစ်အတွင်း စကော့တလန်သားဟာ လီဗာပူးရဲ့ ထာဝရအကောင်းဆုံး ဘယ်အစွန်လူတစ်ယောက်အဖြစ် တင်စားခံရအောင်ကို အထင်ကြီးစရာ ခြေစွမ်းတည်ငြိမ်မှုကို ပြသခဲ့တာပါ။

ရော်ဘတ်ဆန်ဟာ စုစုပေါင်း ဖန်တီးမှု ၃၈ ကြိမ် ပြုလုပ်ပေးခဲ့သလို ခံစစ်ကျောက်ဆောင်တစ်ခုလဲဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေ အမြင်ကပ်လောက်အောင်ကို တက်ကြွတဲ့ စရိုက်မျိုးရှိသူတစ်ယောက် ဖြစ်ပါတယ်။

သူဟာ ခြေကုန်လက်ပမ်းကျတဲ့အထိ ပြေးလွှားကစားပြီး အသောမသတ်တဲ့ အရည်အသွေးတွေ ထုတ်ပြကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရယူခဲ့သလို ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ပုံဖော်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

(၉) ဝိုက်နယ်ဒမ်

သူ့ကို တချို့က အထင်မှားခဲ့တာတွေ ရှိနိုင်ပေမယ့် သူလုပ်ခဲ့တဲ့အရာတွေကို အသိအမှတ်ပြု နားလည်ခဲ့သူတွေ အတွက်တော့ ဝိုက်နယ်ဒမ်ကို ကလပ်ရဲ့ ဂန္တဝင်တစ်ယောက်အဖြစ် အမြဲအမှတ်ရနေမှာပါ။

ပါးနပ်တဲ့ ဉာဏ်ရည်၊ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိပေမယ့် သူ့အရည်အသွေးကို လျှော့တွက်ခံရတဲ့ ကွင်းလယ်လူဟာ ကလပ်ရဲ့ပြည်တွင်းနဲ့ ဥရောပအောင်မြင်မှုတွေအတွင်း အရေးပါတဲ့ စက်သွားတစ်ခု ဖြစ်ခဲ့တာပါ။

ဘာစီလိုနာကို အိမ်ကွင်းမှာ ၄-၀ ဖြင့် အနိုင်ယူတဲ့ပွဲအတွင်း ဝိုက်နယ်ဒမ်ရဲ့ ဒုတိယပိုင်းအတွင်း အကျိုးသက်ရောက်မှုတွေကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။

(၈) ဂျော်ဒန် ဟန်ဒါဆန်

အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ နှစ် ၃၀ အတွင်း လိဂ်ဖလား ကိုင်မြှောက်နိုင်တဲ့ ပထမဆုံး လီဗာပူးအသင်းခေါင်းဆောင် ဖြစ်ခဲ့ပြီး အဲ့ဒီ့ရာသီမှာ သူ့ရဲ့ စွယ်စုံရ လွှမ်းမိုးမှုတွေက ပြိုင်ဘက်ကင်းခဲ့တာပါ။

ဟန်ဒါဆန်ဟာ အများနဲ့မတူပဲ ကလော့ပ် စတင်ရောက်လာကတည်းက ကလပ်မှာ ရှိနေခဲ့တာဖြစ်ပြီး မန်နေဂျာဟာ အစောပိုင်း အချိန်တွေတည်းက သူ့ကို ချစ်ခင်နှစ်သက်ခဲ့တာပါ။ အသင်းမှာ သူက အတော်ဆုံး ကစားသမားလား? မဟုတ်ပါဘူး။ ဒါပေမယ့် အဝတ်လဲခန်းမှာ အလွှမ်းမိုးနိုင်ဆုံးဖြစ်ပြီး ထိုက်သင့်သလောက် အသိအမှတ်ပြုမခံရတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။

(၇) ဖာဘင်ညို

ကမ္ဘာ့အဆင့်ရှိတဲ့ နံပါတ် ၆ ကစားသမားဟာ ၂၀၁၈ မှာ လီဗာပူးရဲ့ နောက်တဆင့် တက်ရောက်နိုင်တဲ့ အောင်မြင်မှုတွေမှ ာအရေးပါခဲ့ပြီး ၃ နှစ်ကျော်ကာလအတွင်း အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။

ပြိုင်ဘက်အသင်းခံစစ်ကို ပြိုကွဲစေနိုင်တဲ့ အဝေးဘော ပေးပို့မှုတွေနဲ့ ကစားနိုင်စွမ်းက သူ့ရဲ့ ကျွမ်းကျင်စွာ ပွဲဖတ်နိုင်စွမ်းကို ပြီးပြည့်စုံစေခဲ့သလို သူဟာ အခက်ခဲဆုံးပွဲတွေမှာ အထူးချွန်ဆုံး စစ်သည်တော်တစ်ယောက်လည်း ဖြစ်ပါတယ်။

(၆) ထရန့် အလက်ဇန္ဒား-အာနိုး

လီဗာပူးအသင်းရဲ့ နည်းစနစ်ပိုင်းအရ အတော်ဆုံး ကစားသမား ထရန့်ရဲ့ ကစားပုံက ဆွဲဆောင်မှုရှိပြီး တိကျတဲ့ အဝေးဘော ပေးပို့မှုတွေ၊ ကျွမ်းကျင်စွာ ခံစစ်ကြောင်းကို ထိုးဖောက်မှုတွေနဲ့အတူ ၎င်းဟာ စုစုပေါင်း ၄၅ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ညာအစွန်နေရာကနေ လီဗာပူးရဲ့ အဓိက ဖန်တီးရှင်ဖြစ်နေတာက အံ့အားသင့်စရာ ကောင်းလှပြီး အသက် ၂၃ နှစ်သာ ရှိသေးတာကြောင့် နောက်ထပ် နှစ်တွေအများကြီး တိုးတက်လာဖို့ ရှိပါသေးတယ်။ ကလပ်ရဲ့ ထာဝရအကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အသွေးနဲ့ အနာဂတ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ထရန့်အကြောင်း ပြောရင် အတော်လေး ရှည်လျားပါလိမ့်မယ်။

(၅) ရောဘတ်တို ဖာမီနို

ကလော့ပ် လက်အောက် လီဗာပူးမှာ ၂၉၁ ပွဲ ကစားခဲ့တဲ့ သူ့ရဲ့ ပွဲကစားရမှု အများဆုံး မှတ်တမ်းကို ကျော်နိုင်သူ မရှိပဲ ဒုတိယနေရာက ဂျိမ်းစ်မီနာတောင် ၂၄၆ ပွဲသာ ရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံး အချိန်တွေအတွင်း အနောက်ထိ ဆင်းကူပေးပြီး တဖက်အသင်း ကသောင်းကနင်းဖြစ်အောင် ပြဿနာရှာရတာကို သဘောကျတဲ့ ဖာမီနိုရဲ့ အရည်အသွေးဟာ ဥရောပမှာ ပြိုင်ဘက်ကင်းခဲ့ပြီး ၂၀၁၉ ကလပ်ကမ္ဘာ့ဖလားကို ရရှိစေခဲ့တဲ့ နာမည်ကျော် ဂိုးကို သွင်းယူပေးခဲ့တာပါ။

ကို့ရိုးကားယားနိုင်တဲ့ လှည့်စားမှုတွေ၊ ဂိုးပေါက် မကြည့်ပဲ အဆုံးသတ် ဂိုးသွင်းယူတာတွေနဲ့ နာမည်ကြီးတဲ့ တမူထူးခြား ပွဲကျစေသူ ဖာမီနိုဟာ သူ့ရဲ့ အကောင်းဆုံးအချိန်မှာ ဘယ်သူနဲ့မှ မတူတဲ့ လွှမ်းမိုးနိုင်မှုနဲ့ အကောင်းဆုံး အသင်းလိုက် ကစားသမားလည်း ဖြစ်ပါတယ်။

(၄) အယ်လီဆန်

ကလပ်ကို ရောက်လာပြီး နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဘရာဇီးသားဟာ ဂိုးတိုင် နှစ်တိုင်ကြားမှာ ရှိန်လောက်တဲ့ အရည်အသွေးနဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီး လီဗာပူးအသင်း ကာလရှည်ကြာ လစ်ဟာနေခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

အယ်လီဆန်ရဲ့ ပြောင်မြောက်တဲ့ အရည်အသွေးက အရာအားလုံးဟာ သိပ်ကိုလွယ်ကူနေသလို ဖြစ်နေတာပါ။ သူ့ရဲ့ နေရာယူပုံနဲ့ အချိန်ကိုက် တုံ့ပြန်မှုတွေက သိပ်ကောင်းလွန်းတာကြောင့် တခါတလေမှသာ ခက်ခဲနက်နဲတဲ့ ကာကွယ်မှုတွေ လုပ်ပြဖို့လိုခဲ့တာဖြစ်ပါတယ်။

မနှစ်က ဝက်စ်ဘရွန်းနဲ့ပွဲမှာ သူသွင်းယူခဲ့တဲ့ အနိုင်ဂိုးသာ မပါရင် လီဗာပူးတို့ ၂၀၂၁-၂၂ ရာသီမှာ ချန်ပီယံလိဂ် ကစားရမှာ မဟုတ်ဘူး။ နာပိုလီနဲ့ပွဲက လက်ဖျားခါရလောက်တဲ့ ကာကွယ်မှုကိုလဲ မေ့မထားနဲ့ဦးနော်။

(၃) ဆာဒီယို မာနေး

မာနေးဟာ လီဗာပူးရဲ့ ဖလား အောင်မြင်မှုရာသီတွေမှာ ကြယ်ပွင့်ကစားသမား ဖြစ်ခဲ့ပြီး ၂၂၇ ပွဲမှာ ၁၀၂ ဂိုး သွင်းယူထားတာက တောင်ပံကစားသမား တစ်ယောက်အတွက် အံ့ဩဖို့ကောင်းတဲ့ အချက်အလက်ပါပဲ။

ကွင်းထဲမှာ မဆုတ်မနစ်တဲ့ ဖိုက်တာကြီးဖြစ်တဲ့ မာနေးဟာ ဂန္တဝင်စာတင်ရမယ့် အခိုက်အတန့်များစွာ ပြုလုပ်ပေးခဲ့ပြီး အပိုဆုအနေနဲ့ ကမ္ဘာပေါ်မှာ စိတ်ဓာတ်အကောင်းဆုံး လူသားတစ်ယောက်အဖြစ် သတ်မှတ်ရလောက်ပါတယ်။ မာနေးရဲ့ အကောင်းဆု ေးနေ့ရက်တွေက အတိတ်မှာ ကျန်နေခဲ့မှာကို ပရိသတ်တွေ စိုးရိမ်နေကြပေမယ့် ဒီရာသီမှာလည်း သူက သံသယရှိသူတွေကို ပြတ်ပြတ်သားသား အသံတိတ်သွားအောင် လုပ်ပြဦးမှာပါ။

(၂) ဗန်ဒိုက်

ကလပ်ကို ရောက်ပြီးကတည်းက သူ စွမ်းဆောင်ပြခဲ့တဲ့ အဆင့်အတန်းဟာ ကမ္ဘာပေါ်က ဗဟိုခံစစ်ကစားသမား အားလုံးထက် ပိုမိုသာလွန်ခဲ့ပါတယ်။ အကောင်းဆုံး ကစားသမားတွေနဲ့တောင် တတန်းထဲထား ရွေးချယ်ဖို့ လွယ်ကူပေမယ့် ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဘယ်နောက်ခံလူနဲ့မှ မတူအောင် ပြီးပြည့်စုံသူ ဖြစ်ပါတယ်။

လျင်မြင်မှု၊ သန်မာမှု၊ အမြင့်ဘောမှာ လွှမ်းမိုးနိုင်စွမ်း၊ အေးအေးဆေးဆေးနဲ့ ပိုင်ဆိုင်မှု အသာစီး ရယူနိုင်စွမ်း၊ လက်ဖျားခါရလောက်တဲ့ ပွဲကို ဖတ်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း၊ ပြိုင်ဘက်ဧရိယာထဲမှာ အန္တရာယ်ပေးနိုင်စွမ်းနဲ့ မနာလိုစရာကောင်းတဲ့ တည်ကြည်မှုနဲ့ သူဟာ အရာအားလုံးကိုပိုင်ဆိုင်ထားတာပါ။

(၁) မိုဟာမက် ဆာလာ

၂၀၁၇ မှာ ရိုးမားကနေ ရောက်လာပြီးကတည်းက ရပ်တန့်လို့ မရတဲ့ ဂိုးသွင်းစက် ဖြစ်ခဲ့သူ ဆာလာဟာ ‘ကောက်ရိုးမီး’ ဆိုတဲ့ သတ်မှတ်မှုတွေကို ချေဖျက်ပြခဲ့ပြီး လီဗာပူးရဲ့ ထာဝရအကောင်းဆုံး ၁၁ ယောက် လူစာရင်းထဲမှာတောင် ပါဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ် သွင်းဂိုး အပါအဝင် ၂၁၂ ပွဲမှာ ၁၃၄ ဂိုး သွင်းယူထားတဲ့ သူ့ရဲ့ အချက်အလက်တွေက သိပ်ကို ကောင်းမွန်လွန်းတယ်လို့ မှတ်တမ်းတင်ရမှာပါ။ ဆာလာဟာ နောက်ဆုံးမှာ ထိုက်တန်တဲ့ ချီးမွမ်းမှုတွေကို ရရှိခဲ့တဲ့ တစ်မျိုးဆက်မှာ တစ်ယောက်သာပေါ်တဲ့ လီဗာပူးရဲ့ ပါရမီရှင် ကြယ်တစ်ပွင့် ဖြစ်ပြီး နောက်ထပ် နှစ်များစွာအထိ သူ့ရဲ့ ပုံစံကောင်းတွေကို ဆက်လက်မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။