ဝတ်ဖိုဒ့်အသင်း မန်နေဂျာသစ်ဖြစ်လာတဲ့ ရေရီနာရီက လီဗာပူးနဲ့ပွဲမှာ ပရိသတ်တွေရဲ့ ပွဲအစကနေ နောက်ဆုံး စက္ကန့်ထိ အားပေးမှုကို လိုအပ်ပါကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

လီဗာပူးအတွက် ဝတ်ဖိုဒ့်နဲ့ ယှဉ်ပြိုင်ကစားတဲ့ နောက်ဆုံး ၁၀ ပွဲအတွင်း မတူညီတဲ့ မန်နေဂျာ ၆ ဦးနဲ့ ထိပ်တိုက်တွေ့ခြင်းဖြစ်ကာ ဒီတစ်ကြိမ်ကတော့ လက်စတာ၊ ချယ်ဆီး မန်နေဂျာဟောင်း ရေရီနာရီကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာဖြစ်တယ်။

ဝတ်ဖိုဒ့်ဟာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရပေမယ့် လီဗာပူးအသင်းမှာလည်း စီနီယာ အသင်းသားအချို့ မပါဝင်နိုင်ခြင်းကြောင့် လူစာရင်း အခက်အခဲရှိနေပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အမှတ်ပေးပွဲ ၂ ပွဲကို သရေရလဒ်ပဲ ရယူထားနိုင်တာကြောင့် ဒီပွဲမှာတော့ အသင်းဟာ နိုင်ပွဲ ပြန်ရယူဖို့ လိုအပ်နေတာပါ။

သူ့ရဲ့ ပထမဆုံးပွဲနဲ့ ပတ်သက်လို့ ရေနီရာရီက “ ချယ်ဆီး၊ လက်စတာအသင်းတွေမှာ ကျနော် ဘာလုပ်ခဲ့တယ်ဆိုတာကို အင်္ဂလန်က လူတိုင်း သိကြမယ်ထင်ပါတယ်။ ကျနော်က သွင်းဂိုးရဖို့ ကြိုးစားလိုတဲ့ အသင်းမျိုး လိုချင်ပါတယ်။

ကျနေ်ာတို့အသင်းရဲ့ တိုက်စစ်မှာ ကစားသမားကောင်းတွေ ရှိထားပါတယ်။ အရမ်း မြန်ဆန်ကြတဲ့သူတွေပေါ့။ နေရာလွတ်တွေကို အနည်းငယ် ပိတ်လိုပြီး ခံစစ်လိုင်းအတွက် အကူအညီ ဖြစ်စေချင်ပါတယ်။

ကစားသမားသစ်တွေ အများကြီးရယ်၊ မန်နေဂျာသစ်ရယ်ဆိုတော့ ကျနေ်ာတို့ အသားကျဖို့ အချိန်အနည်းငယ် လိုပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က ကိုယ်ကို အချိန်ပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ခပ်မြန်မြန်လေး ကြိုးစားရပါမယ်။ ပရိသတ်တွေကို ကောင်းမွန်တဲ့ အခြေအနေတွေ ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။

ပရိသတ်တွေကလည်း ကျနေ်ာတို့ လီဗာပူးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိကြမှာပါ။ ပွဲအစကနေ နောက်ဆုံး စက္ကန့်အထိ ပရိသတ်တွေထံက အားပေးမှုကို လိုအပ်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ လီဗာပူးပွဲက လွယ်မှာ မဟုတ်ပါဘူး။

အသင်းရဲ့ အကောင်းဆုံးတွေကို ရဖို့နဲ့ ကျနော် ကစားသမားတွေအကြောင်း နားလည်ဖို့ကို ခပ်မြန်မြန်လေး ကြိုးစားသွားမှာပါ။ ပထမဆုံး လုပ်ရမှာက ပရီးမီးယားလိဂ်မှာ တင်ကျန်နေဖို့ လိုအပ်တဲ့ ရမှတ် ၄၀ လောက်ကို ရနိုင်ဖို့ ဖြစ်ပါတယ်။ ကျနေ်ာတို့ ကြည့်ရမှာပေါ့ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဝတ်ဖိုဒ့်အသင်းဟာ လီဗာပူးအသင်းရဲ့ ၄၄ ပွဲဆက်တိုက် အရှုံးမရှိတဲ့ စံချိန်ကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ယူခြင်းဖြင့် ချိုးဖျက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်အပတ် နှစ်သင်း တွေ့ဆုံချိန်မှာ လီဗာပူးအသင်းက ဝတ်ဖိုဒ့်ကို ရင်ဆိုင်ကစားပြီး ရလဒ်ကောင်းယူဖို့ စိတ်အားထက်သန်နေမှာပဲ ဖြစ်ပါတယ်။