လီဗာပူးက မိုဆာလာ စာချုပ်သစ်ပေးဖို့ရာမှာ ကလပ်စံချိန်တင် လုပ်ခလစာအဖြစ် ဘယ်လောက်ပဲ များနေပါစေ အဝတ်လဲခန်းအတွင်း စည်းလုံးစေမှာဖြစ်တယ်လို့ ရော်ဘီဖောင်လာက ယုံကြည်နေပါတယ်။

ကစားသမားတွေအနေနဲ့ ဆာလာရဲ့ စံချိန်တင်လစာကို မြင်ပြီး သူတို့ရဲ့ လုပ်ခပမာဏအပေါ် အငြင်းပွားမှု ရှိလာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကလပ်တိုက်စစ်မှူးဟောင်းနဲ့ ဂန္တဝင်တစ်ယောက်လဲ ဖြစ်တဲ့ ဖောင်လာက ငြင်းပယ်ခဲ့ပြီး လက်ရှိ ကလပ်ကြယ်ပွင့် များစွာဟာ လစာကောင်းကောင်းရနေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကလပ်မှာ ဆာလာရဲ့ လက်ရှိစာချုပ်က ၂၀၂၃ မှာ သက်တမ်းကုန်မှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း နီးပါး တန်ကြေးရှိ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေကြောင်း သတင်းထွက်နေတယ်။ ဒါပေမယ့် ဖောင်လာက ကမ္ဘာ့အဆင့် အရည်အသွေးရှိတဲ့ တိုက်စစ်မှူးဟာ စံချိန်တင် လစာပမာဏနဲ့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့သလို သူ့ရဲ့ မြင့်မားတဲ့ လုပ်ခက လီဗာပူးအသင်းဖော်တွေကြားမှာ ပြဿနာ ဖြစ်စေမှာမဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ မိုဆာလာက သံသယဖြစ်စရာမရှိ ကမ္ဘာ့အဆင့် ကစားသမားပါ။ ကျွန်တော့်အမြင်မှာတော့ သူ့ကို ကလပ်ရဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ဖြစ်စေမယ့် စာချုပ်သစ် ပေးလိုက်တာဟာ ကလပ် အဝတ်ခဲခန်းအတွင်း မကျေနပ်မှုတွေ ဖြစ်လာစေမှ ာမဟုတ်လောက်ပါဘူး။

ကျန်တဲ့လူတွေထက် ပိုရတဲ့ တစ်ဦးချင်း ကစားသမားအပေါ် တချို့ ကစားသမားတွေ စိတ်ပျက်လာခဲ့ကြတဲ့ အဝတ်လဲခန်းထဲက ဖြစ်ရပ်မျိုး အတိတ်က ရှိခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် မိုဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ လီဗာပူးက နားလည်ရမှာပါ။

အဝတ်လဲခန်းများစွာထဲ ရောက်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ရဲ့ အမြင်ကနေပြောရရင် အန်ဖီးမှာ ဆာလာက လွယ်လွယ်ကူကူနဲ့ လုပ်ခအမြင့်ဆုံး ကစားသမား ဖြစ်လာတာက ဘာပြဿနာမှ ရှိလာစေမှာ မဟုတ်ပါဘူး။ ဘယ်သူမှ မကျေမနပ်ဖြစ်မှာမဟုတ်ဘူး။

‘အိုး။ သူက သာမန်အဆင့် ကစားသမားမို့လို့ ဒီလိုလုပ်ခနဲ့ မတန်ဘူး’ လို့ ပြောမယ့်လူ မရှိပါဘူး။ ကျွန်တော်တို့က ကမ္ဘာ့အထူးချွန်ဆုံး ကစားသမားတစ်ယောက် အကြောင်းကို ပြောနေတာပါ။ သူ့ရဲ့ ကမ္ဘာ့အဆင့် ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ စာချုပ်သစ်နဲ့ မထိုက်တန်ဘူးလို့ ပြောမယ့်လူ တစ်ယောက်လောက်များ လီဗာပူးအဝတ်လဲခန်းထဲ ရှိနေရင် ကျွန်တော် လုံးဝ အံ့ဩမိမှာပါ။

‘သူ ဒီလောက်ရရင် ငါလဲ ဒီလောက် ရချင်တယ်’ဆိုတာတွေကို မေ့လိုက်ပါ။ ကစားသမားတွေက သူတို့ရဲ့ စွမ်းဆောင်ရည်တွေအရ သူတို့နဲ့ထိုက်တန်တာကို ရကြတာပါ။ အခုချိန်မှာ ဆာလာရဲ့ စွမ်းဆောင်မှုတွေက သိပ်ကောင်းတဲ့ လုပ်ခနဲ့ စာချုပ်သစ်ရဖို့ သေချာပါတယ်”လို့ ဖောင်လာက ဆိုပါတယ်။

ဆာလာအနေနဲ့ အန်ဖီးမှာ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညို၊ ရော်ဘတ်ဆန်၊ အာနိုးတို့လို ကာလရှည်စာချုပ် ချုပ်လိမ့်မယ်လို့ လီဗာပူးဘက်က မျှော်လင့်နေတာပါ။ ထရန့်ဟာ လေးနှစ်စာချုပ် သက်တမ်းတိုးခဲ့တဲ့ ပထမဆုံး စီနီယာ ကစားသမား ဖြစ်ခဲ့ပြီး အဲ့ဒီ့နောက် ရက်အနည်းငယ်အကြာမှာ ဘရာဇီးကွင်းလယ်လူ ဖာဘင်ညိုက မြန်မြန်ပဲ စာချုပ်သစ် ထပ်ချုပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဂိုးသမား အယ်လီဆန်က စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့ပြီး ဗန်ဒိုက်ကလည်း စာချုပ်သစ်ရခဲ့ပါတယ်။ ရာသီစမှာ လီဗာပူး အသင်းကြီးထဲ နေရာရလာတဲ့ ဟာဗေး အယ်လီးယက်လည်း စာချုပ်သစ် ရခဲ့ပြီး ၎င်းဟာ မကြာသေးမီက ခြေကျင်းဝတ် ကျိုးအက်၊ အဆစ်လွဲတဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ စကော့နောက်ခံလူ ရောဘတ်ဆန်ဟာလည်း ၂၀၂၆ မတိုင်ခင်အထိ စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။