ဝိုက်နယ်ဒမ်ဟာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ၅ နှစ်တာ ကာလအပြီး ဇူလိုင်လမှာ လီဗာပူးကို စွန့်ခွာခဲ့ပြီး ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပေမယ့် အဲ့ဒီ့မှာ ပွဲကစားချိန် ရဖို့ ရုန်းကန်ခဲ့ရတာပါ။

ဝိုက်နယ်ဒမ်ဟာ မာဆေးဆိုဒ်မှာ ရှိခဲ့စဉ်အတွင်း ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ အရေးအကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ထက် ပွဲပိုကစားခဲ့တဲ့သူဆိုလို့ ဂျိမ်းစ်မီနာနဲ့ ရောဘတ်တို ဖာမင်နိုတို့သာ ရှိပါတယ်။ ဒါပေမယ့် ကလပ်ဟာ အသက် ၃၀ အရွယ် ကစားသမား လိုချင်တဲ့ လုပ်ခမျိုး မပေးနိုင်ခြင်းနဲ့အတူ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ သူ့ကို စိတ်ဝင်စားခဲ့ကြပေမယ့် ဝိုက်နယ်ဒမ်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းတန် ၃ နှစ်စာချုပ်နဲ့ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာပါ။ သူဟာ လီဂူးဝမ်းမှာ လီယွန်နယ် မက်ဆီ မရောက်လာခင် ၂ လအလိုမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ဂန္တဝင် တိုက်စစ်မှူး ရောက်လာခဲ့တဲ့နောက် ကလပ်က အနေအထားတွေက ပြောင်းလဲသွားခဲ့တာပါ။

ဝိုက်နယ်ဒမ်ကတော့ ပီအက်စ်ဂျီမှာ ၎င်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုံးဝ မပျော်ရွှင်နေဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ ကျွန်တော် လုံးဝ ပျော်ရွှင်နေတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအခြေအနေက ကျွန်တော် လိုချင်ခဲ့တဲ့ပုံစံ မဟုတ်ဘူး။ ဒါပေမယ့် ဘောလုံးလောကက ဒီလိုပါပဲ။ ကျွန်တော့် အနေနဲ့ ဒါကို ရင်ဆိုင်ဖြေရှင်းဖို့ သင်ယူရမှာပါ။ အကောင်းမြင်စိတ်ထားပြီး အခြေအနေကို ပြောင်းလဲနိုင်အောင် အလုပ်ကြိုးစားဖို့ လိုပါတယ်” လို့ ဝိုက်နယ်ဒမ်က ဆိုပါတယ်။

မက်ဆီ မကစားရချိန်မှာတောင် ဝိုက်နယ်ဒမ်ဟာ ပိုချက်တီနိုအတွက် ပထမဦးစားပေး ရွေးချယ်စရာ အမြဲမဖြစ်ခဲ့သလို ပီအက်စ်ဂျီနည်းပြဟာ ကွင်းလယ်သုံးနေရာမှာ ဟာရဲရား၊ လီယန်ဒရို ပါရီဒက်စ်၊ မာကိုဗာရတ်တီနဲ့ အီဒရစ်ဆာ ဂူယီတို့ကို ပိုပြီး သဘောကျ နေရာပေးခဲ့တာပါ။

ဝိုက်နယ်ဒမ်ဟာ လီဗာပူးမှာ ချန်လှပ်ထားလို့ မရတဲ့ ကစားသမားအဖြစ်ကနေ ပီအက်စ်ဂျီမှာ ပါရဲရား၊ ရာဖင်ဟာ၊ အီဘင်ဘီတို့နဲ့ ကစားချိန်အတွက် တိုက်ပွဲဝင်နေရတဲ့ အဖြစ်ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော် မကြာသေးခင်က နှစ်တွေအတွင်း ပွဲတွေအများကြီး ကစားခဲ့ပြီး အမြဲတမ်း ကြံ့ခိုင်မှုရှိခဲ့သလို ကောင်းကောင်းလည်း လုပ်နိုင်ခဲ့ပါတယ်။ ဒါက မတူညီတဲ့ အခြေအနေဖြစ်နေပြီး ဒီဟာက အသားကျလာသလို ဖြစ်နေပြီ။ နောက်တဆင့်တက်ဖို့ ကျွန်တော် တကယ်ကို မျှော်လင့်ခဲ့ပေမယ့် အခု ဒီလိုတွေ ဖြစ်လာတာက လက်ခံဖို့ သိပ်ခက်ခဲပါတယ်”လို့ ဝိုက်နယ်ဒမ်က ဖွင့်ဟခဲ့ပါတယ်။

၂၀၁၇ မှာ ကော်တင်ညိုအတွက် ကလော့ပ် ပြောခဲ့သလိုပါပဲ “ဒီမှာပဲ ဆက်နေပါ။ ဒါဆို ကလပ်က မင်းကို လေးစားသမှုနဲ့ အဆုံးသတ်မှာ ရုပ်ထုတောင် ဆောက်ပေးလိမ့်မယ်။ တခြားနေရာကို ထွက်သွားရင်တော့ မင်းက တခြား ကစားသမားတစ်ယောက် သာသာပဲ ဖြစ်မှာပါ” လို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။