လီဗာပူးဟာ မိုဆာလာကို ဘာလို့ သက်တမ်းတိုးသင့်သလဲဆိုတာအတွက် ပရီးမီးယားလိဂ် ညာအစွန်လူဟောင်း ဒန်နီမေးလ်ရဲ့ သုံးသပ်ပြမှုကို မာဆေးဆိုဒ် သတင်းဌာန Echo က ဖော်ပြသွားပါတယ်။

လီဗာပူးဘက်က ဇန်နဝါရီ မရောက်ခင်မှာ ဆာလာအတွက် စာချုပ်သစ်တစ်ခု ပေးနိုင်ရေးကို အကောင်အထည် ဖော်ချင်နေပါတယ်။ အပိုဆုကြေးတွေ အပါအဝင် တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲတန် ကလပ်စံချိန်တင် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်ထားတာဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က Football Insider က ပြောဆိုခဲ့တာပါ။

လက်ရှိစာချုပ်အရ ၂၀၂၃ နွေရာသီမှာ သက်တမ်းကုန်တော့မယ့် ဆာလာဟာ သူ့အနာဂတ်ကို အခိုင်အမာ ကတိပြုထားချင်နေတာပါ၊ ဝက်ဖို့ဒ်ကို ၅ ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲမှာ အံ့အားသင့်စရာ လုပ်ပြခဲ့တဲ့ အီဂျစ်သားကို စာချုပ်သစ် ချုပ်ပြီး စံချိန်တင် လုပ်ခပေးတာက အခြားသော အသင်းသားတွေနဲ့ စကားပြောစရာတွေ ဖြစ်လာဖို့ မရှိဘဲ ဆာလာအတွက် ထိုက်တန်တယ်လို့ မေးလ်က ယုံကြည်နေပါတယ်။

ကလပ်ရဲ့ အဓိက တိုက်စစ်ကြယ်ပွင့်ဖြစ်တဲ့ ဆာလာအတွက် အစားထိုးမယ်ဆိုရင် သူ့ကို သက်တမ်းတိုးတာထက်တောင် ပိုကုန်ကျလိမ့်မယ်လို့ အင်္ဂလန်ညာအစွန်လူဟောင်းက မှတ်ချက်ပေးခဲ့တာပါ။

“သူက သိပ်တော်တဲ့ ကစားသမားပဲ။ စာချုပ်သစ်နဲ့ ထိုက်တန်ပါတယ်။ ဒါက ပုံမှန်ပေးသင့်တဲ့ ပမာဏပါ။ တကယ်လို့ ဆာလာကို ဆုံးရှုံးလိုက်ရရင် သူ့နေရာ အစားထိုးဖို့ ဘယ်လောက်တောင် ကုန်ကျလိမ့်မလဲ။ ပေါင်သန်း ၆၀ ၊ ၇၀ လောက်နဲ့ ကစားသမားတစ်ယောက်ကို ဝယ်ရင်တောင် တစ်ပတ်ကို ပေါင် ၁ သိန်းခွဲ၊ ၂ သိန်း ပေးရပါတယ်။

ကိစ္စတစ်ခုလုံးကို ခြုံကြည့်ဖို့ လိုပါတယ်။ အဲ့ဒီ့မှာ အပိုဆုကြေးတွေ၊ လက်မှတ်ထိုးကြေးတွေလည်း ရှိပါသေးတယ်။ စာချုပ်ကိစ္စ အချိန်စောင့်ရတဲ့အတွက် စိတ်မရှည်ဖြစ်တာမျိုး ရှိနိုင်ပါတယ်။

ဒါပေမယ့် မင်းက နည်းပြတစ်ယောက်၊ ဒါမှမဟုတ် အားကစားဒါရိုက်တာတစ်ယောက် ဆိုရင် မင်းကို တခုခုပြောလာတာတွေ ရှိခဲ့ရင် ‘နေဦး၊ ဆာလာက အများကြီး ပိုကောင်းတယ်’ လို့ ပြောနိုင်ပါတယ်။ ဆာလာက ပေါင်သန်း ၁၀၀ လောက် တန်ကြေးရှိပါတယ်။

သူက အသင်းမှာ ရှိနေပြီး အလားတူ လုပ်ပြနေသလိုမျိူး ကမ္ဘာပေါ်က စီးပွားရေးလုပ်ငန်းတိုင်းမှာ မတူညီတဲ့ လစာပမာဏနဲ့ ဒါရိုက်တာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မတူညီတဲ့ အလုပ်တွေကို မတူညီတဲ့ ပုံစံနဲ့ စွမ်းဆောင်ပေးတာကြောင့်ပါ”လို့ ဒန်နီမေးလ်က ထောက်ပြခဲ့တာပဲ ဖြစ်ပါတယ်။