လီဗာပူး ကြယ်ပွင့်တွေဖြစ်တဲ့ ဆာလာ၊ မာနေးနဲ့ ကိတ်တာတို့ဟာ ဒီဇင်ဘာ ၂၇ မှာ အာဖရိက နေးရှင်းဖလားအတွက် ထွက်ခွာကြမှာဖြစ်ပြီး စုစုပေါင်း လီဗာပူးအတွက် ၈ ပွဲလောက် လွဲချော်နိုင်ပါတယ်။
ဆာလာနဲ့ မာနေးဟာ အီဂျစ်နဲ့ ဆီနီဂေါ လက်ရွေးစင်အသင်းတွေအတွက် ရွေးချယ်ခံရမယ်ဆိုတာ သေချာသလောက်ရှိသလို ၎င်းတို့အနေနဲ့ အဲ့ဒီ့ပြိုင်ပွဲကို သွားကစားရရင် လီဗာပူးရဲ့ ပရီးမီးယားလိဂ် ၆ ပွဲနဲ့ အက်ဖ်အေဖလား ၂ ပွဲ ကို ပါဝင်ရတော့မှာ မဟုတ်ပါဘူး။
အာဖရိက နေးရှင်းဖလားပြိုင်ပွဲအတွက် သူတို့ဟာ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲတွေ အပြီးမှာ အာဖရိကကို သွားကြရမှာဖြစ်ပြီး ဖေဖော်ဝါရီ ဒုတိယပတ် မတိုင်ခင်အထိ ပြန်လာနိုင်ကြမှာ မဟုတ်ဘူးလို့ သိရတယ်။
လက်ရွေးစင် ကစားသမားတွေကို အဆိုပါ ပြိုင်ပွဲကြီး စတင်မယ့်အချိန် မတိုင်ခင် တစ်ပတ်စောတဲ့ အပတ်ရဲ့ တနင်္လာနေ့မနက်ထက် နောက်မကျစေပဲ သက်ဆိုင်ရာ နိုင်ငံအသင်းထံ ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့ ဖီဖာစည်းမျဉ်းတွေမှာ ပါရှိပါတယ်။
အိမ်ရှင်ကင်မရွန်းက ဇန်နဝါရီ ၉ ရက် တနင်္ဂနွေနေ့မှာ အဖွင့်ပွဲအဖြစ် ဘာကီနာ ဖာဆိုနဲ့ ကစားရမှာဖြစ်တာကြာင့် ကစားသမားတွေက ဒီဇင်ဘာ ၂၇ ကတည်းက နိုင်ငံအသင်းထံ ရောက်ရှိနေရမှာပါ။
ကလပ်တွေနဲ့ နိုင်ငံအသင်း အဖွဲ့ချုပ်တွေကြား ဆွေးနွေးမှုတွေက ဒီစည်းမျဉ်းတွေရဲ့ အဓိပ္ပါယ်အပေါ် အဓိက မူတည်နေနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပြီး နိုင်ငံအများစုက ဇန်နဝါရီ ၁၀ ရက်၊ ၁၂ ရက်မတိုင်ခင်အထိ ပွဲကစားရသေးမှာ မဟုတ်တာနဲ့အတူ အင်္ဂလန်အသင်းတွေက စည်းမျဉ်းထဲပါတဲ့ ‘တစ်ပတ်စောတဲ့ အပတ်ရဲ့ တနင်္လာနေ့’ ဆိုတာဟာ ဒီဇင်ဘာ ၂၇ မဟုတ်ပဲ ဇန်နဝါရီ ၃ ရက် ဖြစ်ရမယ်လို့ အငြင်းပွားနိုင်ပါတယ်။
အဲ့ဒီ့အတိုင်းသာဆိုရင် လီဗာပူးဟာ ဇန်နဝါရီ ၂ ရက်နေ့ ချယ်ဆီးပွဲအတွက် ဆာလာ၊ မာနေး၊ နာဘီကိတ်တာတို့ကို အသုံပြုလို့ရမှာဖြစ်ပြီး ဒါက သူတို့အတွက် အတော်လေး ကြီးမားတဲ့ အားတက်စရာ ဖြစ်စေမှာပါ။ ကစားသမားတွေက ဒီဇင်ဘာအကုန်မှာ ထွက်ခွာရမယ်ဆိုရင် အနောက်လန်ဒန်ကလပ်ကလည်း မာနေးရဲ့ ဆီနီဂေါအသင်းဖော် မန်ဒီကို လက်လွှတ်ရမှာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကစားသမားတွေ ဘယ်အချိန်မှာ ထွက်ခွာရမလဲဆိုတာ သေချာဆုံးဖြတ်ချက်မချရသေးဘူးလို့ နားလည်ထားပြီး လီဗာပူးအနေနဲ့ နောက်ထပ် နိုဝင်ဘာနိုင်ငံတကာ သီတင်းပတ်ပြီးရင် သက်ဆိုင်ရာ အဖွဲ့ချုပ်တွေနဲ့ ဆွေးနွေးသွားဖွယ် ရှိပါတယ်။
အာဖရိကနေးရှင်းဖလား ကာလအတွင်း လီဗာပူးဟာ လက်စတာကို အိမ်ကွင်း အဝေးကွင်း ကစားရဦးမယ့်အပြင် ဘရန့်ဖို့ဒ်ကို အိမ်ကွင်း၊ ပဲလေ့စ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရဦးမှာပါ။
အက်ဖ်အေဖလား တတိယအဆင့်က ဇန်နဝါရီ ၈ ရက် စနေနေ့မှာ လုပ်မှာဖြစ်ပြီး လီဗာပူးအနေနဲ့ နောက်တဆင့် တက်နိုင်ရင် လိဂ်ဖလား ဆီမီးဖိုင်နယ် ကစားရဦးမှာ ဖြစ်ပါတယ်။