လီဗာပူးရဲ့ ယူနိုက်တက်အပေါ် ၅ ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲကို သမိုင်းဝင်နိုင်ပွဲအဖြစ် ဂျိုတာက ညွှန်းဆိုခဲ့ပြီး မယုံနိုင်စရာ ရာသီအစရဲ့ အဓိက အချက်ဟာ ကောင်းမွန်တဲ့ ရာသီကြိုလေ့ကျင့်ရေးကို ပြုလုပ်နိုင်ခဲ့ခြင်းကြောင့်လို့ ထောက်ပြခဲ့ပါတယ်။

လီဗာပူးဟာ ဒီရာသီ ၁၃ ပွဲကစားခဲ့ရာ ၁၀ ပွဲနိုင်၊ ၃ ပွဲသရေကျခဲ့ပြီး ၄၁ ဂိုးသွင်း၊ ၁၁ ဂိုးပြန်ပေးရကာ clean sheet ၇ ကြိမ် ရယူခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်း ၈ ပွဲလုံးမှာ ကလော့ပ်ရဲ့အသင်းဟာ ၃ ဂိုးနဲ့အထက် သွင်းယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ရဲ့ အရှက်ရဖွယ် ၅ ဂိုးပြတ် ရှုံးပွဲဟာ ဒီရာသီမှာ လီဗာပူးအသင်းအနေနဲ့ တစ်ပွဲထဲ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယအကြိမ် ဖြစ်ခဲ့တာပါ။

ဒီပွဲမှာ ဒုတိယဂိုးကို သွင်းယူပေးခဲ့တဲ့ ဂျိုတာက လီဗာပူးအနေနဲ့ ပြီးပြည့်စုံလုနီးပါး ပုံစံနဲ့ စတင်ခဲ့တဲ့ သမိုင်းဝင် ရလဒ်တစ်ခုအပေါ် အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“ ရိုးရိုးသားသားပြောရရင် ဒီလို ကောင်းမွန်တဲ့အရာကို အိမ်မက်မက်နိုင်ဖို့ ခဲယဉ်းပါတယ်။ ကျွန်တော်တို့က ပိုပြီး ခက်ခဲကျပ်တည်းတဲ့ ပွဲတစ်ပွဲကို အမြဲမျှော်လင့်ထားတယ်။ ဒါပေမယ့် ရလဒ်ပိုင်းအရ ကျွန်တော်တို့ ဒီနေ့မှာ ထူးချွန် ကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ အထူးသဖြင် ပထမ ၁၅ မိနစ်မပြည့်ခင်အတွင်း ၂-၀ နဲ့ ဦးဆောင်ထားနိုင်တာက လုံးဝ ပြီးပြည့်စုံလုနီးပါးပဲ။

အဲ့ဒီ့နောက် ကျွန်တော်တို့ တန်ပြန်တိုက်စစ် အနည်းငယ် ခွင့်ပြုပေးခဲ့ရပြီး ဘောလုံးတွေ စတင် ဆုံးရှုံးလာတယ်။ ဒါပေမယ့် အဆုံးသတ်မှာ သမိုင်းဝင်ရလဒ် တစ်ခုကို ရခဲ့ပြီး ဒီရလဒ်ကို ပရိသတ်တွေက အချိန်တခုကြာ အမှတ်ရနေတော့မှာပါ ” လို့ ဂျိုတာက ပြောခဲ့တာပါ။

ဂျိုတာဟာ လီဗာပူးနဲ့ ဒုတိယမြောက် ရာသီကို ကစားနေတာဖြစ်ပြီး ပထမရာသီတုန်းကတော့ ၃ ပွဲ ကစားပြီးနောက်မှာ အများအားဖြင့် လူမရှိတဲ့ ကွင်းထဲမှာ ကစားခဲ့ရတဲ့ အတွေ့အကြုံကို ရရှိခဲ့တာပါ။ ဒီရာသီမှာ ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်လာပြီး အားပေးနိုင်တာက ရလဒ်ကောင်းတွေအတွက် အဓိက ခွန်အားဖြစ်စေကြောင်း ဂျိုတာက အမြဲ ပြောလေ့ရှိတာပါ။

ပေါ်တူဂီသားဟာ ဒီနှစ်မှာ ပွဲထွက်ခွင့်ရလိုက်မရလိုက် ဖြစ်ခဲ့ပေမယ့် ဩစတြီးယားနဲ့ ပြင်သစ်မှာ လေးပတ်ကြာ အချိန်ဖြုန်းပြီး အတူတကွ ရာသီကြို လေ့ကျင့်မှု လုပ်ခဲ့တဲ့ အသင်းရဲ့ အားထုတ်မှုတွေကို သဘောကျနေတာပါ။ အသင်းရဲ့ စွမ်းဆောင်ရည်တွေအတွက် အဓိက သက်ရောက်မှုတွေထဲမှာ ရာသီကြို ပြင်ဆင်မှုကလည်း အရေးပါတယ်လို့ သူက ဆိုခဲ့ပါတယ်။

“ ကွင်းထဲမှာ ပရိသတ်တွေ ရှိနေတာက အသင်းအတွက် အမြဲတမ်း အကူအညီဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ရာသီကြိုလေ့ကျင့်မှု ရှိခဲ့တာကလည်း အရေးပါခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး အသင်းတစ်သင်း အနေနဲ့ အတူတွ ရှိနေပါတယ်။ တစ်ရာသီလုံးကို ဒီလို ခြေစွမ်းနဲ့ ဆက်လက် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။