အက်စတွန်ဗီလာနဲ့ စတီဗင်ဂျရတ်တို့ဟာ တစ်ဦးနဲ့တစ်ဦး အကဲစမ်းမှုမှာ နှစ်ဘက်စလုံး အကောင်းမြင်မှုတွေ ထွက်ပေါ်လာနေခဲ့တာကြောင့် မကြာခင် အက်စတွန်ဗီလာက ရိန်းဂျားအသင်းကို တရားဝင် ကမ်းလှမ်းမှု လုပ်လာဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာဟာ သူတို့ရဲ့ မန်နေဂျာ ဒမ်းစမစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ယခု နိုင်ငံတကာ သီတင်းပတ်မှာတင် မန်နေဂျာသစ်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ အဲ့နေရာအတွက် ရိန်းဂျားမှ စတီဗင်ဂျရတ်၊ ဘယ်ဂျီယမ်မှ မာတီနက်စ်နဲ့ ဒိန်းမတ်လက်ရွေးစင် မန်နေဂျာတို့ကို လျာထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းမှာပဲ ဗီလာရဲ့ အလားအလာဟာ စတီဗင်ဂျရတ်ကို ပိုမို အလေးသာလာခဲ့တာဖြစ်တယ်။ မေးခွန်းရှိနေတာက ဂျရတ်ဟာ ရာသီဝက်မှာတင် သူချန်ပီယံဖြစ်နိုင်ချေများတဲ့ ရိန်းဂျားအသင်းကို စွန့်ခွာမလား၊ ရိန်းဂျားကကော စတီဗင်ကို ထွက်ခွင့်ပေးမလားဆိုတာပဲ ဖြစ်ပါတယ်။

ဒီနေရာကစပြီး ကျနေ်ာတို့အသင်းရဲ့ ဂန္တဝင် အသင်းခေါင်းဆောင်ကြီး ဂျရတ်ဟာ ဘာလို့ အက်စတွန်ဗီလာကို ရွေးသင့်သလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ နံပါတ် ၇

အင်္ဂလန်မှာ အောင်မြင်မှုတွေကို အစဉ်လိုက် တန်းစီမယ်ဆိုရင် အအောင်မြင်ဆုံး ကြီး ၆ ကြီးရဲ့ နောက် နံပါတ် ၇ မှာ လိုက်နေတာက အက်စတွန်ဗီလာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အပြောင်းအလဲတွေ စတင်လာပြီး လက်စတာအသင်း ပရီးမီးယားလိဂ်ဖလား အောင်နိုင်ခြင်းလို့ ကိစ္စကြီးတွေ မတိုင်ခင်ထိ အင်္ဂလန်အသင်းတိုင်းက အက်စတွန်ဗီလာရဲ့ အစဉ်အလာကို လေးစားကြရပါတယ်။ စတီဗင်ဂျရတ်ဟာ အနာဂတ်မှာ လီဗာပူးမန်နေဂျာဖြစ်ဖို့ ရည်မှန်းတယ်ဆိုရင် ဒီလို အစဉ်အလာကလပ်တစ်သင်းကို ကိုင်တွယ်ဖို့ လိုပါတယ်။

ဗီလာပက်ခ်

အင်္ဂလန်မြို့ကြီးတစ်ခုဖြစ်တဲ့ ဘာမင်ဂမ်အခြေစိုက် ဗီလာအသင်းရဲ့ အိမ်ကွင်းဟာ ပရီးမီးယားလိဂ်မှာတော့ လူဝင်ဆံ့မှု အများဆုံး စာရင်းအတွင်း နံပါတ် ၈ နေရာမှာရှိတဲ့ ကွင်းတစ်ကွင်းဖြစ်ပါတယ်။ ဗီလာပက်ခ်ဟာ ချယ်ဆီးရဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ထက်တောင်မှ လူ ၂၀၀၀ ကျော် ပိုဝင်ဆံ့ပါသေးတယ်။ ဒါဟာ ရိန်းဂျားမှာ ပရိသတ်အားပေးမှုကို တစ်ဆင့်ပြန်မြင့်လာအောင် တည်ဆောက်ပြခဲ့တဲ့ စတီဗင်ဂျရတ်အတွက် နှစ်ခြိုက်စရာ ဖြစ်ပါတယ်။

ဥရောပရဲ့ ငွေသုံးအကြမ်းဆုံး ကလပ်

ဒီကိစ္စကတော့ ကောင်းကျိုးနဲ့ ဆိုးကျိုး နှစ်ခုရှိပါတယ်။ အက်စတွန်ဗီလာ အသင်းပိုင်ရှင်တွေဟာ ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး ပိုင်ရှင်စာရင်းမှာ နံပါတ် ၅ နေရာ ချိတ်ပါတယ်။ ဒါ့အပြင် ကုန်ခဲ့တဲ့ နွေဈေးကွက် သုံးခုမှာ ဗီလာရဲ့ နွေအသုံးစရိတ်က ယူရို သန်း ၃၃၀ ဖြစ်ပါတယ်။ ဥရောပရဲ့ အသုံးစရိတ် အထုတ်ဆုံး ကလပ်လို့တောင် ပြောလို့ရပါတယ်။

ဒါပေမယ့် အဲ့တာက ကလပ်ကို အင်အားဖြည့်ရေးမှာ ပြဿနာ မရှိစေပေမယ့် ဥရောပ ဝင်ခွင့်မှာတော့ ပြဿနာသစ် တွေ့နိုင်ပါတယ်။ FFP စည်းမျဉ်းနဲ့ သွားညိနိုင်လို့ ဗီလာကို ဂျရတ် ကိုင်တွယ်မယ်ဆိုရင် လာမယ့် ဈေးကွက်တွေမှာ ကစားသမား ခေါ်ယူမှုတွေက ဒမ်းစမစ်တုန်းကလောက် လုပ်ပိုင်ခွင့် မရမှာတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။

မန်နေဂျာအပေါ် စိတ်ရှည်မှု

အက်စတွန်ဗီလာကို လက်ရှိ အသင်းပိုင်ရှင်တွေ လွဲယူပြီးနောက်မှာ မန်နေဂျာအဖြစ် ဒမ်းစမစ် တစ်ဦးတည်းကို တာဝန်ပေးဖူးပါသေးတယ်။ ဒမ်းစမစ်ဟာ ဗီလာမှာ ၃ နှစ် ကိုင်တွယ်ခွင့်ရခဲ့တာမို့ လုံလောက်တဲ့အချိန် ပေးတယ်လို့ ဆိုနိုင်ပါတယ်။

အချုပ်အနေနဲ့ ပြောရရင် ဗီလာမှာ ဂျရတ် ပထမဆုံး ရင်ဆိုင်ရမယ့် ကိစ္စကတော့ တန်းဆင်းဇုန် အနီးအနားကနေ ကင်းလွှတ်ခွင့်ဖြစ်ပြီး ထိပ်ဆုံး ၁၀ သင်း စာရင်းဝင်လာဖို့ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဥရောပဝင်ခွင့် တစ်နေရာက စကားပြောလာပါလိမ့်မယ်။ ဒါကလည်း စတီဗင်ဂျရတ် ကိုယ်တိုင်က အလိုရှိတဲ့ ကိစ္စမျိုးတွေဖြစ်ပါတယ်။

ဂျရတ်ဟာ ရိန်းဂျားအသင်းနဲ့အတူ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဝင်ခွင့်ရခဲ့ပေမယ့် စကော့ကလပ်ရဲ့ အသုံးစရိတ် ရင်းနှီးမြုပ်နှံပေးမှု နည်းပါးခြင်းနဲ့အတူ မအောင်မြင်ခဲ့ဘဲ ယူရိုပါလိဂ်ကိုပဲ ရောက်သွားခဲ့တာဖြစ်တယ်။ အက်စတွန်ဗီလာဟာ သူ့အတွက်တော့ လိုအပ်ချက်တွေ ပြည့်စုံနေမယ့် ကလပ်အသင်းပဲ ဖြစ်နေပါလိမ့်မယ်။