လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ မနှစ်က ရာသီမှာ ရှိခဲ့တဲ့ စိတ်ပျက်စရာ အချိန်တွေကို ‘ကျရှုံးရတဲ့ ရာသီ’အဖြစ် မမြင်သလို အဲ့ဒီ့ရာသီနဲ့ သူ လုပ်ခဲ့တဲ့ အမှားတွေကနေ အများကြီး သင်ယူခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကလော့ပ်က ဂွတ်ဒီဆင်ပက်ခ်မှာ ကစားရမယ့် ကြားရက် မာဆေးဆိုက်ဒါဘီအတွက် စတင်ပြင်ဆင်မှု လုပ်နေပြီဖြစ်တယ်။ မနှစ်က အောက်တိုဘာမှာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲအတွင်း ဗန်ဒိုက် ကာလရှည်ကြာ ဒဏ်ရာ ရရှိခဲ့ဖူးတဲ့ ဖြစ်ရပ်လည်း ရှိနေတာဖြစ်ပါတယ်။

အဲ့ဒီ့ပွဲအပြီး ၁၃ လအကြာ အခုချိန်မှာတော့ အရာအားလုံးက များစွာ ပြောင်းလဲသွားခဲ့ပြီး လီဗာပူးဟာ ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၃၉ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ ရှိနေတဲ့ တစ်ခုတည်းသော ဒဏ်ရာပြဿနာက ကွင်းလယ်မှာဖြစ်ပေမယ့် အလယ်တန်းဟာ အင်အားအတောင့်တင်းဆုံး နေရာတစ်ခုဖြစ်နေဆဲပါ။

မနှစ်က ဒူးဒဏ်ရာရခဲ့တဲ့ ဗဟိုနောက်ခံလူ ဂျိုးဂိုမက်၊ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တဲ့ ဂျိုးမာတစ်တို့ဟာ သူတို့ရဲ့ ရာသီတွေကို စောစောစီးစီး အဆုံးသတ်ခဲ့ရတယ်။ ကလော့ပ်ဟာ ကွင်းလယ်လူ ဖာဘင်ညို၊ ဟန်ဒါဆန်တို့ကို ဗဟိုခံစစ်မှူးနေရာ ပါဝင်အားဖြည့်စေခဲ့ရပေမယ့် ဒီနှစ်မှာတော့ အဲ့လိုမျိုးအပေါက်တွေကို မတော်တရော်နဲ့ ဖြည့်ဆည်းတာမျိုးတွေ လုပ်ဖို့ မလိုအပ်တော့တာ ဖြစ်ပါတယ်။

“ကျွန်တော် အများကြီး သင်ယူခဲ့ရတယ်။ ကျွန်တော် အမှားတွေလုပ်ခဲ့ပါတယ်။ ဒါကြောင့် အတိတ်က ပြန်ကြည့်ပြီး ‘ဒါမှားခဲ့တယ်၊ ဒါမှားခဲ့တယ်’ဆိုပြီး တွေးရတာ လွယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွင်းလယ်လူတွေကို အနောက်ပို့ပြီး ကွင်းလယ်မှာ အကာအကွယ်မရှိပဲ ကစားခဲ့တာက အချိန်တော်တော်များများမှာ ကျစ်လျစ်မှုမရှိခဲ့ဘူး။

ကျွန်တော်တို့အနေနဲ့ ရိုင်း(ဝီလီယံ)နဲ့ နတ်(ဖီးလစ်)တို့ကို စောစောစီးစီး ထည့်ကစားပြီး ယုံကြည်မှု ပေးခဲ့သင့်ပါတယ်။ အဲ့ဒီ့အချိန်တုန်းက သူတို့တွေ အဆင်သင့်မဖြစ်သေးဘူးလို့ ကျွန်တော် တွေးခဲ့တာ။ နောက်ပိုင်းကျတော့ သူတို့တွေ အဆင်သင့်ဖြစ်ခဲ့ပြီး နှစ်ယောက်လုံး ကစားနိုင်ခဲ့ပါတယ်။

အဲ့ဒါက ကျွန်တော်တို့ကို တခြားဧရိယာတွေမှာ နည်းနည်းပိုပြီး တည်တည်ငြိမ်ငြိမ် ရှိစေခဲ့ပါတယ်။ ဗဟိုခံစစ်တစ်ယောက် ဆုံးရှုံးရတာက ခြေတချောင်းကျိုးသလိုပဲ။ ဒါပေမယ့် ကွင်းလယ်လူတွေကို ခံစစ်ပို့ပြီး တခြား ဟာကွက်တွေကို ဖွင့်ထားလိုက်ရင် ကိုယ့်ကျောရိုးကိုယ်ချိုးသလို ဖြစ်ပြီး လမ်းတောင်မလျှောက်နိုင်တော့ဘူး။

မနှစ်က အဲ့ဒီ့လိုပဲ ဖြစ်ခဲ့တာပါ။ အဲ့ဒါက ကျရှုံးတဲ့ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် တခြားအကြောင်းတွေကြောင့်လည်း ပိုပြီးတော့ သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါက ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်ခဲ့တယ်။ ဒါတောင် အဆင့် ၃ ရခဲ့တာက လုံးဝကို ထူးခြားကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့တာပါ”လို့ ကလော့ပ်က ဆိုပါတယ်။

ကလော့ပ်ဟာ သူ့အသင်းက အတွေ့အကြုံနည်းတဲ့ ကစားသမားတွေအပေါ် ယုံကြည်မှုပေးခဲ့ပြီးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဟာဗေး အယ်လီးယော့ကို ခြေကျင်းဝတ်ဒဏ်ရာ မရခင်အထိ ရာသီပထမဆုံး ၄ ပွဲမှာ ၃ ပွဲ ပါဝင်ကစားပေးခဲ့သလို ဒုတိယဦးစားပေး ဘယ်အစွန်လူ ဆီမီကက်စ်ကိုလည်း မနှစ်ကထက်တောင် ကစားချိန်ပိုပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်း သူဟာ အသက် ၁၉ နှစ်အရွယ် တိုင်လာမော်တန်ကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ၂ ပွဲဆက် ပွဲဦးထွက်စေခဲ့ပြီး ကွင်းလယ်က ဝန်ထုပ်ဝန်ပိုးကို လျော့ပါးအောင် ကူညီပေးခဲ့ပါတယ်။ ဒီအတွက် ကလော့ပ်ဟာ အကောင်းဆုံးကစားပြနေတဲ့ အသင်းကို ဆုလာဘ်အဖြစ် ပြန်ရခဲ့ပြီး စိန့်နဲ့ပွဲရဲ့ ပထမပိုင်းမှာ ဒါက သိသာထင်ရှားခဲ့တာဖြစ်ပါတယ်။