မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးအသင်းက ဟန်ဒို၊ ဆာလာ (၂ ဂိုး)၊ ဂျိုတာ သွင်းဂိုးတွေဖြင့် ဂိုးပြတ် အနိုင်ယူပြီး အသင်းဟာ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ ဒီရလဒ်ဟာ နှစ် ၃၀ အတွင်း ဂူဒီဆန်ပက်ခ်မှာ ဂိုးအပြတ်ဆုံး နိုင်ပွဲဆိုတဲ့ မှတ်တမ်းလည်း ရစေခဲ့တယ်။

ဒီပွဲမှာ ကိုနတေးနေရာ မာတစ် ပြန်လည် ဝင်ရောက်လာတာကလွဲလို့ လူစာရင်း အပြောင်းအလဲ မများခဲ့ဘဲ တောင့်တင်းတဲ့ ပုံစံဖြင့် ပွဲကို စတင်ပါတယ်။ ပွဲစတည်းက လီဗာပူးအသင်းက လွှမ်းမိုးကစားခဲ့ပြီး ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်။ အဲဗာတန်ဘက်က ခံစစ်ကိုပဲ အားပြုမနေဘဲ ကောင်တာ ပြန်လည် ထိုးဖောက်ခြင်းက ပွဲက စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။

အဖွင့်ဂိုးကတော့ မာနေး ဧရိယာထဲ ခြေယောင်ပြရင်း ဘယ်ခြမ်းကို ထုတ်ပေးခဲ့ရာ ရိုဘိုက ဧရိယာထိပ် အလယ်ကို ပြန်မြောပေးခဲ့ပြီး တိုက်စစ်ကို ပြေးလိုက်လာတဲ့ ဟန်ဒိုက ဘယ်ခြေဖြင့် ဂိုးထောင့်ကို အသာလေး ဝိုက်ကန်ထဲသွားတာဖြစ်ပါတယ်။

ဦးဆောင်ဂိုးရပြီးတဲ့နောက် အဲဗာတန်က တုန့်ပြန်လာခဲ့တာကြောင့် ကစားပုံ အနည်းငယ် ခက်ခဲလာခဲ့တယ်။ အဲဗာတန်ဟာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို အားပြုခဲ့သလို ခံစစ်ကို ကျစ်ကျစ်လစ်လစ် ကစားပြီး ရစ်ချာလီဆန်၊ ဂရေးတို့ဖြင့် ကောင်တာ ပြန်ကစားဖို့ကို အားပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း စိတ်ရှည်ရှည် ကစားကွက် ဖော်နေတဲ့ လီဗာပူးက ကောင်တာပြန်ဆင်နေရင်း ဆာလာ တစ်ဦးတည်း လွှတ်ထွက်သွားတဲ့ အနေအထားမှာ ဟန်ဒိုရဲ့ ကောင်းမွန်တဲ့ ပေးချက်ကနေ ဒုတိယဦးဆောင်ဂိုး ရယူပါတယ်။ ပထမပိုင်းအတွင်း ဟန်ဒါဆန်ရဲ့ လွှမ်းမိုးမှုက ကြီးမားခဲ့ပြီး အသင်းအတွက် အတော်လေး ရုန်းပေးနိုင်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ အဲဗာတန်ရဲ့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုတွေ ပိုမို မြင်လာရပြီး ဂျိုတာကို အလန်ရဲ့ အဝင်ကြမ်းချက်ကတော့ ပြင်းထန်ခဲ့ပါတယ်။ ပွဲချိန် ၃၈ မိနစ်မှာတော့ အဲဗာတန်ကပဲ ကောင်တာကနေ ခြေပဂိုး ပြန်ယူသွားခဲ့တယ်။

ဒါဘီပွဲဖြစ်တာကြောင့် အကျိတ်အနယ် ရှိခဲ့ပြီး အဲဗာတန်က သူတို့ ထုံးစံအတိုင်း ခပ်ညစ်ညစ် ကစားနေတာကြောင့် ဂျိုတာ၊ ရိုဘို၊ ဟန်ဒိုတို့ ထိခိုက်မှုတွေကြောင့် လဲကျခဲ့တာတွေ ရှိနေပါတယ်။ အဲဗာတန်ဘက်က ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့် အဝါကဒ် နှစ်ကဒ်လည်း ရခဲ့ပါတယ်။

အပြောင်းအလဲမရှိ ဒုတိယပိုင်း စတင်လာခဲ့ရာမှာ တည်ကန်ဘော တစ်ကြိမ်ကို ထရန့် မကန်ဘဲ ဗန်ဒိုက် ကန်ခဲ့ပေမယ့် လူကာတည့်တည့်ကို ထိခဲ့ပါတယ်။ တတိယဂိုးကတော့ အဲဗာတန်တို့ တိုက်စစ်ဆင်နေရင်း ပြန်စင်ထွက်လာတဲ့ ဘောလုံးကို ကိုးမန်း ထိချက်လွဲရာက ဆာလာကပဲ နောက်ထပ် ကောင်တာ တစ်ကြိမ်ဖြစ် သွင်ဂိုး ရယူခဲ့တယ်။

စတုတ္ထဂိုးကတော့ ရိုဘိုရဲ့ ဧရိယာထဲ ပေးမှုကို အသင့်စောင့်နေတဲ့ ဂျိုတာ ရယူပြီး ခံစစ်သမားကို တစ်ချက်လှည့်ကာ ဂိုးဒေါင့်ကျဉ်းထဲကို အပြင်း ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါဘီပွဲဟာ လီဗာပူးရဲ့ စွမ်းဆောင်ရည်ပိုင်းကို စိန်ခေါ်ခဲ့တာတင် မဟုတ်ဘဲ စိတ်ဓါတ်ပိုင်းကို စိန်ခေါ်ခဲ့တဲ့ ပွဲကောင်းဖြစ်ခဲ့ပါတယ်။ အသင်းလိုက် စိတ်ဓါတ်၊ နိုင်ပွဲအတွက် တိုက်ခိုက်လိုစိတ်နဲ့ စိတ်ရှည်မှုတွေကပဲ ဒီလို ဂိုးပြတ် နိုင်ပွဲတစ်ခုကို ရရှိစေခဲ့တာဖြစ်ပါတယ်။

လာမယ့်ပွဲကတော့ အဝေးကွင်းပွဲ ၃ ပွဲဆက်ထဲက ဒုတိယပွဲအဖြစ် စနေနေ့မှာ ဝုဗ်ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။