လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကိုဗစ်ဟာ အင်္ဂလန်ဘောလုံးလောကကို ကြီးကြီးမားမား ထိခိုက်နေပေမယ့်လို့ ကစားသမားတွေကို သက်သာစေမယ့် လူစားလဲမှု ၅ ခု လုပ်ခွင့် ဥပဒေ ဘယ်တော့မှ သဘောတူညီမှုရမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ထုတ်ပြောလိုက်ပါတယ်။
အသင်းငယ်တွေဟာ သူတို့ရဲ့ အရန်စာရင်းက အသင်းကြီးလောက် အင်အားမတောင့်ဘူးဆိုတဲ့ အချက်နဲ့တင် ဒီဥပဒေကို လက်မခံကြောင်း ငြင်းဆန်နေတာပါ။ ဒါပေမယ့်လို့ အသင်းငယ်တွေဟာ ဥရောပပွဲ မကစားရသလို လက်ရွေးစင် ကစားသမား စေလွှတ်မှု နည်းပါးခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာမှာ အသင်းကြီးတွေထက် တောင့်တင်းတဲ့ အားသာချက်ကိုတော့ ဘယ်သူကမှ ထည့်မပြောကြပါဘူး။
ဒီရာသီမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ ချယ်ဆီးနည်းပြ တူချယ်တို့က လူစားလဲမှု ၅ ခုလုပ်ခွင့်ကို ဆက်တိုက် တောင်းဆိုနေတာပါ။ ကလော့ပ်ကလည်း အဆိုပါ ကိစ္စကို သဘောတူညီပေမယ့်လို့ ကလပ် ၁၄ သင်း မဲရဖို့ လိုတာကြောင့် အပြောင်းအလဲက ဖြစ်မလာနိုင်ဘဲ ရှိနေခဲ့ပါတယ်။
ကလော့ပ်က ” ပြိုင်ဆိုင်မှု ဆိုတာလေးကို ဘေးချိတ်ထားဖို့ လိုတာပေါ့။ ဘန်လေထက် မန်စီးတီးရဲ့ အရန်က ပိုတောင့်တယ်ဆိုတာမျိုး မပြောနဲ့ပေါ့။ နောက်ပြီး ကျနေ်ာတို့ အသင်းကလည်း အချို့အသင်းထက် အရန်လူစာရင်း ပိုတောင့်တယ်ပေါ့။ ဟုတ်ပါတယ် ဒါကပဲ ပြဿနာဖြစ်နေတာပါ။
ဒါ့ပေမယ့်လို့ ပြဿနာက အင်္ဂလန်ရဲ့ ထိပ်တန်းအဆင့် ကစားသမားတွေအတွက် ပြင်းထန်မှုဟာ အနားမှာ ရောက်ရှိနေတာပါ။ အပြောင်းအလဲလုပ်ဖို့ မဲ ၁၄ မဲ ထောက်ခံဖို့လိုတယ်ဆိုတာက တစ်ခုခု မှားနေပါတယ်။ ဥပမာပေးရရင် ဘန်လေကစားသမား ဘယ်နှစ်ယောက်က လက်ရွေးစင်အတွက် စေလွှတ်ရလို့လဲ။ ကျနေ်ာတို့ ကစားသမားတွေက သုံးရက် တစ်ပွဲ ပြိုင်နေရချိန် သူတို့မှာ ပွဲကစားရဖို့လည်း မရှိပါဘူး။
အချို့ကလပ်တွေ၊ ကစားသမားတွေနဲ့ ဒီကိစ္စကို စကားပြောနေပါတယ်။ ဒါပေမယ့် အခြားအသင်းတွေကပဲ ဆုံးဖြတ်ခဲ့ကြတာပါ။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့က ပြိုင်ပွဲမှာ ပြိုင်ဆိုင်နေရတာဖြစ်ပြီး သူတို့က အပြောင်းအလဲကို လက်မခံဘူး။ ဒါကပဲ တကယ့် ပြဿနာဖြစ်နေတာပါ။ လူစားလဲမှု ၅ ခုဆိုတာက အခုအခြေအနေ အချိန်အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ် ” လို့ ပြောပြခဲ့တာဖြစ်တယ်။
ပြဿနာက ကိုဗစ်ဖြစ်ပြီး ပြန်သက်သာလာတဲ့ ကစားသမားတွေကို မိနစ် ၉၀ အပြည့် ပွဲကစားခိုင်းလို့ မရပါဘူး။ ဒါပေမယ့်လို့ ပွဲကစားခွင့်လည်း မပေးလို့ မရတာဖြစ်တယ်။ ဒီလို အနေအထားမှာ လူစားလဲမှုကလည်း ၃ ခုပဲ ရတာကြောင့် ပွဲထဲမှာ ဖြစ်လာနိုင်တဲ့ ဒဏ်ရာနဲ့ နည်းစနစ် အပြောင်းအလဲအတွက်လည်း နည်းပြတွေက ချင့်ချိန်ရလေ့ ရှိပါတယ်။
ဥရောပထိပ်တန်းလိဂ်တိုင်းဟာ လူစားလဲမှု ၅ ခုကို ကျင့်သုံးနေပေမယ့် ပရီးမီးယားလိဂ် တစ်ခုတည်းက ဒီစနစ်ကို ဆန့်ကျင်ပြီး အသင်းငယ်တွေ ဇွတ်ကန့်ကွက်နေမှုနဲ့အတူ ကိုဗစ်ကြားမှာ လူစားလဲမှု ၃ ခုပဲ လုပ်ခွင့်ရနေတာဖြစ်တယ်။
” ကစားသမားတွေကို ကိုဗစ်တွေ ဒဏ်ရာတွေကနေ ပြန်သက်သာလာချိန်မှာ ပွဲထဲ ပြန်သုံးရတယ်။ ပွဲတွေရှိနေတော့ သူတို့ကို ချက်ခြင်း ပြန်သုံးရတယ်။ အခြားကိစ္စတွေကိုလဲ ပြောင်းလဲရတာကြောင့် မိနစ် ၆၀ လောက် ကစားပြီးရင် သူတို့ကို ကွင်းထဲက ပြန်ထုတ်ဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။
ကမ္ဘာအကောင်းဆုံးလိဂ်၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဆိုတဲ့ လိဂ်မှာ လူစားလဲမှုက ၃ ကြိမ်ပဲ လုပ်ခွင့်ရှိတယ်။ အဲ့တာက မမှန်ပါဘူး။ ကျနေ်ာတို့ ပြောင်းသင့်တယ်။ ဒါပေမယ့်လို့ စည်းမျဉ်းကို ပြောင်းလဲခွင့် ရလာမယ်လို့ မထင်ဘူးဆိုတာကိုတော့ ရိုးရိုးသားသား ပြောချင်ပါတယ် ” လို့ ကလော့ပ်က ဆိုသွားခဲ့တာဖြစ်ပါတယ်။