ယာဂင်ကလော့ပ်က လီဗာပူးအသင်းထံ ကလပ်စံချိန်တင်ကြေး ပေါင် ၇၅ သန်းတန်ဖြင့် ဗန်ဒိုက် ပြောင်းရွှေ့လာခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်မှာပဲ ခံစစ်သမားနဲ့ ပတ်သက်လို့ သုံးသပ်ခဲ့ပြီး ကာလရှည်ဒဏ်ရာကနေ ပြန်လာပြီးနောက် ဗန်ဒိုက်ဟာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပြန်ရနေပြီလို့ ပြောဆိုခဲ့ပါတယ်။
ဆောက်သမ်တန်ကနေ ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ရဲ့ အပြောင်းအရွှေ့ကို လီဗာပူး ကြေညာခဲ့တာ ၄ နှစ် ရှိခဲ့ပြီဖြစ်ပြီး အဲ့တုန်းကတော့ နောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့ စံချိန်တင် အပြောင်းအရွှေ့ ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အခုချိန်မှာ ထာဝရ ဈေးအမြင့်ဆုံး စံချိန်က ကျိုးသွားခဲ့ပြီဖြစ်ပေမယ့် နယ်သာလန်သားဟာ လီဗာပူးသမိုင်းမှာ ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်နေဆဲဖြစ်ပြီး သူအတွက် ကုန်ကျခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် ပိုမြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပေးဆပ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၇ တုန်းက ဒီလိုနေ့ကို ပြန်ကြည့်ပြီးတော့ ကလော့ပ်က လီဗာပူးရဲ့ အောင်မြင်မှုတွေဟာ နံပါတ် ၄ ကစားသမားရဲ့ အကူအညီပေးမှုတွေကို ဆွေးနွေးပေးခဲ့ပါတယ်။
“ ဗာဂျယ် ရောက်ရှိလာတာက ကျွန်တော်တို့ကလပ်သမိုင်းမှာ ကြီးမားတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ဒါက ဆောင်းရာသီ အပြောင်းအရွှေ့ကို ဘယ်လိုလုပ်ရလဲဆိုတဲ့ ဥပမာတစ်ခုလည်း ဖြစ်ခဲ့တယ်။ မင်းက ကစားသမားတစ်ယောက်ကို ပြီးခဲ့တဲ့ နွေရာသီမှာ ဒါမှမဟုတ် နောက်နွေရာသီမှာ ခေါ်ယူချင်ခဲ့တဲ့အခါ ဆောင်းရာသီ အပြောင်းအရွှေ့မှာလည်း လုပ်လို့ရတယ်လို့ ကျွန်တော် မြင်ပါတယ်။
ကျွန်တော်တို့က အဲ့ဒီ့မတိုင်ခင် နွေရာသီမှာထဲက ဗာဂျယ်ကို အလိုရှိခဲ့တာပါ။ တချို့အကြောင်းပြချက်တွေကြောင့် အပြောင်းမရွှေ့ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဆောင်းရာသီမှာ ကျွန်တော်တို့ ထပ်မံကြိုးစားခဲ့ပြီး ခေါ်ယူနိုင်ခဲ့တာပါ။ အဲ့ဒါက သိပ်ကို အရေးကြီးတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။
ဗန်ဒိုက် အပြောင်းအရွှေ့က ကျွန်တော်တို့အတွက် အများကြီး အပြောင်းအလဲ ဖြစ်စေခဲ့တာပါ။ ဘာလို့လဲဆိုတော့ မာတစ်၊ လော်ဗရန်၊ ဂိုမက်စ်တို့နဲ့အတူ ပေါင်းစပ်မှုနဲ့ ကျွန်တော်တို့ဟာ ရုတ်တရက်ဆိုသလို လုံးဝကွဲပြားတဲ့ ပုံစံနဲ့ ခံစစ်ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ပြိုင်ဘက်အတွက် ကွင်းကို သေးသွားအောင် လုပ်နိုင်ခဲ့ဖို့ အရမ်း အကူအညီ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ တကယ် ပျော်ရွှင်မိတယ်”လို့ ကလော့ပ်က ဆိုပါတယ်။
ဗန်ဒိုက်ရဲ့ အရေးပါမှုနဲ့အတူ လွန်ခဲ့တဲ့ ၁၄ လက မာဆေးဆိုက်ဒါဘီမှာ သူဒဏ်ရာရခဲ့တာဟာ လီဗာပူးအတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက် အခုချိန်မှာ ဗဟိုခံစစ်မှူးဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရရှိနေပြီလို့ ကလော့ပ်က ယုံကြည်နေပါတယ်။
ဗန်ဒိုက် ပြန်လာပြီး ပုံစံကောင်း ပြသနေတာနဲ့ ပတ်သက်လို့ ကလော့ပ်က “တကယ်ကို ကောင်းပါတယ်။ အချိန်ကြာခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးက တကယ်ကို ကောင်းကောင်းအလုပ်ဖြစ်ခဲ့တယ်။ ဒါကြောင့် သူက တကယ်ကောင်းမွန်တဲ့ အနေအထားနဲ့ ပြန်လာခဲ့တာပါ။ သူ့အနေနဲ့ ပုံမှန်ပြန်ဖြစ်ဖို့ နည်းနည်းလိုအပ်ခဲ့ပေမယ့် အခုတော့ အသားကျသွားပါပြီ။
အခု သူ အကောင်းဆုံးပုံစံ ပြန်ရနေပြီဆိုတာ သေချာပါတယ်။ ကျွန်တော်တို့နဲ့ သူ့အတွက် အကူအညီဖြစ်စေတာက အခြား ရွေးချယ်စရာတွေရှိနေခဲ့တာပါ။ ဒါကြောင့် သူ မကစားနိုင်တဲ့ အခြေအနေမှာ သူ့ကို အတင်းတွန်းအားပေးဖို့ မလိုအပ်ခဲ့ဘူး။ ဒါကြောင့်ပဲ အခုလို သူ့အခြေအနေ အရမ်းကောင်းနေတာပါ”လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အကောာင်းဆုံး ဗဟိုခံစစ်မှူးဖြစ်တဲ့ ဗန်ဒိုက်ဟာ ကလော့ပ်ရဲ့အသင်းကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားတို့ အောင်မြင်အောင် ကူညီပေးခဲ့ပြီး မိုဆာလာ၊ အယ်လစ်ဆန်နဲ့ ဖာဘင်ညိုတို့နဲ့အတူ အသင်းကို တဆင့်မြင့်တက်စေဖို့ အဓိကကဏ္ဍကနေ ပါဝင်ပေးခဲ့တာပါ။