ဖလားစိန်ခေါ်သူတွေရဲ့ တုံ့ပြန်မှု

ဒုတိယပိုင်းမှာ လီဗာပူးတို့ ဝ-၀ အခြေအနေကနေ ဘယ်လိုဖောက်ထွက်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အသင်းဟာ တစ်ဂိုးပေးလိုက်ရပြီး နောက်ကလိုက်ကစားခဲ့ရတာပါ။ ရာရှီကာရဲ့ အဖွင့်ဂိုးအပြီး မကြာခင်မှာပဲ မာနေးက ချေပဂိုး သွင်းယူခဲ့ကာ ဒါဟာ လီဗာပူးအသင်း သေချာပေါက် ပြန်လာမယ်ဆိုတဲ့ အမှတ်အသား ဖြစ်ခဲ့ပါတယ်။

အသင်းရဲ့ မွန်းစတားစိတ်ဓါတ်တွေ ပြန်မြင်ခဲ့ရသလို အန်ဖီးက ပေါက်ကွဲခဲ့ပြီး ကစားသမားတွေက အားထုတ် တုံ့ပြန်ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ မန်စီးတီးက လွှမ်းမိုးထားပြီး သူတို့ပဲ ဖလားရမယ်လို့ အများက ယုံကြည်နေကြပေမယ့် ဒီဖလားပြိုင်ပွဲ ပြေးလမ်းထဲမှာ လီဗာပူးက ခပ်လွယ်လွယ် အရှုံးပေးမှာ မဟုတ်ကြောင်း ဒီပွဲက သက်သေပြခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးတို့ ဒီပွဲကို နိုင်ပါ့မလားဆိုတဲ့ သံသယကနေ လီဗာပူးက ဂိုးဘယ်လောက်ထိ သွင်းမှာလဲဆိုတာ စောင့်ကြည့်ရတဲ့အထိ ပြောင်းလဲသွားဖို့ သိပ်ပြီး အချိန်မယူခဲ့ရပါဘူး။

ထပ်ပြီးအလုပ်ဖြစ်ခဲ့တဲ့ လူစားလဲမှုတွေ

ကလော့ပ်ဟာ ဒီပွဲတွေအတွက် သူလိုချင်တဲ့အတိုင်း လူစားလဲမှု ၅ ကြိမ် မရခဲ့ပေမယ့် သူရသလောက် ပမာဏနဲ့ ပွဲကို ပြောင်းလဲနိုင်ခဲ့တုန်းပါ။ သီယာဂိုနဲ့ အိုရီဂီက နာဘီကိတ်တာနဲ့ ချိန်ဘာလိန်တို့အစား ဝင်ကစားခဲ့ပြီး ချက်ချင်းပဲ ပွဲရဲ့ အရှိန်အဟုန်ကို လျင်မြန်တက်ကြွစေခဲ့ပါတယ်။ နောဝစ်ချ်အတွက်တော့ စိုးရိမ်စရာ အရာတစ်ခု စဖြစ်လာပါတယ်။

၄-၄-၂ ကစားပုံမှာ တိုက်စစ်က အိုရီဂီ ရှိနေတာက ဆာလာ၊ မာနေးနဲ့ ဒီယက်စ်တို့လို ကစားသမားတွေအတွက် နေရာလွတ်တွေ ပိုဖန်တီးပေးခဲ့ပြီး သီယာဂိုကလည်း ပွဲကို ထိန်းချုပ်နိုင်ဖို့ ပံ့ပိုပေးခဲ့ပါတယ်။ ချိန်ဘာလိန်နဲ့ ကိတ်တာအပေါ် ဝေဖန်မှုတွေ ရှိပေမယ့် နည်းပြကတော့ အသင်းရဲ့ ကြံ့ခိုင်မှုနဲ့ ကစားအားအတွက် အလှည့်ကျစနစ်ကို ဆက်ပြီး သုံးနေဦးမှာဖြစ်ပါတယ်။

ဘယ်သူတွေပဲထည့်ထည့် လူစားဝင်တဲ့ ကစားသမားတွေဟာ လီဗာပူးအတွက် မှန်မှန်ကန်ကန် လုပ်ပေးနေတာဖြစ်ပြီး ကလော့ပ်အနေနဲ့ သူတို့ကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တဲ့အတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုနဲ့ ထိုက်တန်ပါတယ်။

ကစားကွက် ပြောင်းလဲမှု

ကစားသမား အပြောင်းအလဲနဲ့အတူ ကစားကွက်ပါ ပြောင်းလဲသွားပါတယ်။ ဒါက အနာဂတ်မှာ စောင့်ကြည့်ရမယ့် အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ အိုရီဂီကို လူစားသွင်းခဲ့ပေမယ့် ဒီယက်စ်၊ မာနေးနဲ့ ဆာလာတို့အားလုံး ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး လီဗာပူးအတွက် ဂိုးခြိမ်းခြောက်မှုလေးကြိမ် ပြုလုပ်ခဲ့ပါတယ်။

၄-၄-၂ ဆိုပေမယ့် တကယ်တမ်းမှာ ၄-၂-၂-၂ ပုံစံကို ပြောင်းကစားခဲ့ခြင်းဖြစ်ကာ ဟန်ဒါဆန်နဲ့ သီယာဂိုက ကွင်းလယ်အထိုင်နေရာ တာဝန်ယူပြီး ဆာလာနဲ့ မာနေးက တောင်ပံနှစ်ဖက်၊ ဒီယက်စ်နဲ့ အိုရီဂီတို့က တိုက်စစ်ပိုင်းမှာ နေရာယူခဲ့ပါတယ်။ ဘောလုံးရလာရင် ၄-၂-၄ ဖြစ်သွားပြီး ဆာလာနဲ့ မာနေးက ဗဟိုတိုက်စစ်မှူး နှစ်ယောက်အနေနဲ့ လမ်းကြောင်းတစ်ခုထဲကို ပူးပေါင်းခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က ဒီအပြောင်းအလဲအတွက် နည်းပြအဖွဲ့ကို ချီးကျူးခဲ့ပြီး ၄-၄-၂ နဲ့သွားဖို့ဟာ လက်ထောက်နည်းပြ ပက်လင်ဒါရဲ့ အကြံဖြစ်တယ်လို့ ဆိုပါတယ်။

ဂိုမက်စ်က ညာတောင်ပံမှာ ကစားခဲ့ပြီး ကျစ်လစ်တဲ့ ကစားပုံနဲ့အတူ ထရန့်ကို နားချိန်ရစေခဲ့တာ ကျေနပ်စရာပါ။ ဒါ့အပြင် တိုက်စစ်ဗဟိုနေရာမှာ ဒီယက်စ် ကစားနေတာကို မြင်ရတာက တကယ်ကို စိတ်ဝင်စားစရာကောင်းခဲ့ပြီး သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးဂိုးကိုလဲ ရရှိခဲ့ပါတယ်။

ရုန်းကန်ရတဲ့ ချိန်ဘာလိန်

ချိန်ဘာလိန်ဟာ ပွဲတွေဆက်တိုက် ကစားရတဲ့အချိန် ဒီရာသီမှာ ကောင်းကောင်းကစားခဲ့ပေမယ့် တစ်ပွဲလောက် အနားယူလိုက်ရတဲ့နောက် အရှိန်လျော့ကျသွားခဲ့ပါတယ်။ သူဟာ မကြာခဏ ဘောလုံးတွေ ဆုံးရှုံးခဲ့ပြီး ပေးပို့မှုတွေကလည်း တလွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ သူ့ရဲ့ လွဲချော်သွားတဲ့ တည်ကန်ဘောတစ်ကြိမ်က အန်ဖီးပရိသတ်တွေကို ညည်းတွားစေခဲ့တာပါ။

လက်ရှိ လီဗာပူးအသင်းက နေရာတွေအတွက် ပြိုင်ဆိုင်မှုတွေကြောင့် ကစားခွင့်ရတဲ့ လူတိုင်းဟာ အကောင်းဆုံး ခြေစွမ်းပြဖို့ လိုအပ်ပါတယ်။ ပွဲထွက်စာရင်းမှာ ပုံမှန်မကစားရတဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်အကြောင်းကို မကြာသေးမီကပဲ ကလော့ပ် ပြောဆိုခဲ့ပြီး ချိန်ဘာလိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာ မရှိခဲ့ပေမယ့် ယုံကြည်မှု ကင်းမဲ့နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒုတိယပိုင်းမှာ လူစားလဲခံရပြီး အရံခုံထိုင်ရချိန်မှာ သူဟာ စိတ်ပျက်နေပုံပေါ်ခဲ့ပြီး ဒီပုံစံတွေကို တိုးတက်အောင်လုပ်ဖို့ မကြာခင်မှာ ထပ်မံပြီး ကွင်းထဲဝင်ခွင့်ရဖို့ စိတ်အားထက်သန်နေမှာ အသေအချာပါပဲ။

လိဒ်စ်နဲ့ ချယ်ဆီးပွဲကို စောင့်ကြည့်ဖို့

နောဝစ်ချ်နဲ့ပွဲမှာ လူစာရင်း အပြောင်းအလဲများစွာ ရှိခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ လိဒ်စ်နဲ့ပွဲမှာ ပိုပြီးတော့ အပြောင်းအလဲတွေကို မြင်တွေ့ရနိုင်ပါတယ်။ ကလော့ပ်ဟာ နောက်တစ်ပတ် ချယ်ဆီးနဲ့ လိဂ်ဖလားဖိုင်နယ်လည်း ရှိနေသေးတာကြောင့် ဘယ်ပွဲမှာ တောင့်တင်းတဲ့အသင်းကို ပွဲထုတ်မလဲ စဉ်းစားရမှာပါ။

ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ကစားသမားတွေနဲ့ ဒီရာသီ လူသစ်အနည်းငယ်ကြောင့် အသင်းရဲ့ တောင့်တင်းမှုက အထင်ကြီးစရာဖြစ်ခဲ့ပြီး ကလော့ပ်ဟာ မကြာသေးမီကပွဲတွေမှာ လူစားလဲမှုတွေနဲ့ အလုပ်ဖြစ်အောင် လုပ်ပြခဲ့ပေမယ့် ပွဲထွက်လူစာရင်းနဲ့ပဲ အနိုင်ရတာကို ပိုသဘောကျမှာတော့ အသေအချာပါ။

လက်ရှိအချိန်မှာ ကလော့ပ်ကိုယ်တိုင်လည်း အကောင်းဆုံး ၁၁ ယောက်ကို သတ်သတ်မှတ်မှတ် ရွေးချယ်လို့ မရနိုင်တာက သဘောကျစရာကောင်းတဲ့ ခေါင်းကိုက်စရာတစ်ခုပါပဲ။