မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ဒီညမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ ကစားရတော့မှာ ဖြစ်ပြီး အနိုင်အရှုံး ကွဲပြားအောင် ကစားကာ တစ်သင်းသာ ဗိုလ်လုပွဲ တက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု နှစ်ကြိမ်မှာ မန်စီးတီးနဲ့ လီဗာပူးတို့က သရေချည်း ကျထားခဲ့တာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင်ကလောင်ရှင် လော်ရိုး က မန်စီးတီးနဲ့ လီဗာပူးတို့ ဆီမီးဖိုင်နယ်ပွဲအတွက် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

လော်ရိုးက ” ဒီပွဲမှာတော့ လီဗာပူးက နည်းနည်းလေး ရေပန်းစားမှု ပိုများပါမယ်။ ဘာလို့လဲဆိုတော့ သူတို့က လန်းဆန်းနေတယ်။ စီးတီးက ကြားရက်တုန်းက စပိန်ကို ခရီးထွက်ထားရတယ်။

သူတို့က ချန်ပီယံလိဂ်မှာ အက်သလက်တီကိုနဲ့ ကြမ်းတမ်းတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ပြီး ဒဏ်ရာ ပြဿနာ နှစ်ခုလောက်ထိ ရှိထားခဲ့ပါတယ်။

တူညီတဲ့ ညမှာပဲ ကလော့ပ်ရဲ့ အသင်းက ဘင်ဖီကာကို ရင်ဆိုင်ရာမှာ သူ့ရဲ့ အဓိက ကစားသမားတွေကို အနားပေးထားခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ စီးတီးက ဒီပွဲမှာ သူတို့ရဲ့ အကောင်းဆုံး အသင်းကို အပြောင်းအလဲ ပြုလုပ်လာဖို့ ရှိနေပေမယ့် လီဗာပူးက သူတို့ရဲ့ အတောင့်တင်းဆုံး အသင်းကိုပဲ ထုတ်သုံးလာမှာပါ။ ဒီအချက်ဟာ ဒီပွဲရဲ့ အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းထားတဲ့ ပွဲရလဒ်ကတော့ မန်စီးတီး ၁-၂ လီဗာပူး ဖြစ်ပြီး လီဗာပူးတို့ ဗိုလ်လုပွဲ တက်မယ် ဆိုထားပါတယ်။ ဗိုလ်လုပွဲမှာတော့ ချယ်ဆီး – ပဲလေ့စ်တို့ ပွဲက နိုင်တဲ့ အသင်းနဲ့ ထိပ်တိုက်တွေ့မှာပါ။