ဆောက်သမ်တန် နည်းပြ ဟက်ဆန်ဟော့က စိန့်မေရီမှာ လီဗာပူးအသင်းကို ယှဉ်ပြိုင်ရမှာက သူတို့ အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲလို ကစားမယ့် ပွဲပါပဲလို့ ပွဲကြိုမှာ ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီကြားရက်မှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရမှ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို အသက်သွင်းနိုင်မှာဖြစ်ကာ ရာသီသိမ်းပွဲစဉ်အဖြစ် ဝုဗ်ကို ဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

တန်းဆင်းဇုန်ကနေ သေချာကြီး မကင်းလွတ်သေးတဲ့ ဆောက်သမ်တန်အသင်းက ဒီပွဲကို အစွမ်းကုန် အားထုတ်မယ်လို့ ဟက်ဆန်ဟော့ က ထုတ်ပြောလာပြီး ဒီပွဲကို ချန်ပီယံလိဂ် ဗိုလ်လုပွဲလို ကစားမယ်လို့ ဆိုခဲ့တယ်။

ဟက်ဆန်ဟော့က “ ဒါက အခက်ခဲဆုံး အိမ်ကွင်းပွဲစဉ် ဖြစ်ပါတယ်။ ဆောက်သမ်တန် ပရိသတ်တွေက ကျနော်တို့ဟာ အရမ်း ခက်ခဲတဲ့ ပွဲစဉ်ကို ရင်ဆိုင်ရမယ် ဆိုတာကို သိကြပါတယ်။ လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေတယ် ဆိုပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အသင်းတစ်သင်းကို ရင်ဆိုင်ရမှာက ခက်ခဲပါတယ်။

ဆန္ဒရှိရင် ဒါက ကျနော်တို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲလို့ ပြောလို့ရပါတယ်။ ကျနော်တို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး အားလုံး ဂုဏ်ယူရတဲ့ အသင်းအဖြစ် ကွင်းထဲမှာ အစွမ်းကုန် အားထုတ်မှာဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ကလော့ပ်နဲ့ ပတ်သတ်ပြီးလည်း ဟက်ဆန်ဟော့က ” ယာဂင်အကြောင်း ကျနော်တို့ အားလုံးသိသလို၊ သူဘယ်လောက် သန်မာလဲဆိုတာ သိပါတယ်။ အမှတ်ပေးဖလား အနိုင်ရရေး အခွင့်အရေးကို သူလုံးဝ လက်လျော့မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ပရီးမီးယားလိဂ်က အခက်ခဲဆုံး အမှတ်ပေးဖလားအဖြစ် လူတိုင်းက သတ်မှတ်ထားဆဲ ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ ဒါက အနိုင်ရဖို့ သိပ်ခက်တာကြောင့်ပါ။ ကျနော်အတွက်ကတော့ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၃၈ ပွဲလုံးကို တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ပြနိုင်ရေးဟာ ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ထက် ပိုခက်ပါတယ်။

ကလော့ပ်က သူ့အတွက် ခက်ခဲတဲ့ပွဲစဉ်ပါလို့ ပြောနေပေမယ့် နောက်ဆုံးရက်အထိ အခွင့်အရေး ဆက်ရှိနေအောင် ဒီပွဲ အနိုင်ရဖို့ သူအစွမ်းကုန် ကြိုးစားမယ်ဆိုတာ ကျနော် သိပါတယ် ” လို့ ပြောဆိုသွားပါတယ်။