မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲမှာ ၂-၂ နဲ့ သရေ ကျခဲ့တာကြောင့် လီဗာပူးရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို အပြီးမသတ်ပေးနိုင်ခဲ့ဘဲ နောက်ဆုံး ပွဲစဉ် ၃၈ ထိ မျှော်လင့်စရာတွေက အသက် ဝင်နေပါသေးတယ်။

လီဗာပူးဟာ ဒီကြားရက် ဆောက်သမ်တန်နဲ့ ပွဲကို အနိုင် ကစားနိုင်ရင် မန်စီးတီးနဲ့ တစ်မှတ် အကွာကို ပြန်ကပ်လာမှာ ဖြစ်ပြီး စီးတီးက နောက်ဆုံးပွဲမှာ အမှားမခံဘဲ အနိုင် ကစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ဝက်စ်ဟမ်းနဲ့ ပွဲပြီး အင်တာဗျူးမှာ ဟာသနှောရင်း ဆောက်သမ်တန် ဖြစ်နိုင်ရင် လီဗာပူးကို လေးဂိုးပြတ်လောက် အနိုင် ကစားလိုက်ဖို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ည လီဗာပူးပွဲအတွက် ဆောက်သမ်တန်အသင်းကို ဘာတွေ မှာချင်သလဲ မေးခံရရာ ဂွာဒီယိုလာက ” ကျနော်ကတော့ လီဗာပူးကို ၄-ဝ လောက်နဲ့ နိုင်အောင် ကန်လိုက်ကြလို့ ပြောချင်တာပေါ့။ ဒါပေမယ့် အဲဒီလိုတော့ ဘယ်ရမလဲလေ။

ဘယ်ပွဲတွေ ဘာတွေ ဖြစ်ဖြစ် ဒါက ကိစ္စ မရှိပါဘူး။ အဆုံးအဖြတ်က ကျနော်တို့ လက်ထဲမှာပါ။ ပြောစရာ ဆိုလို့ သူတို့ နိုင်နိုင်၊ ရှုံးရှုံး ချန်ပီယံ အဆုံးအဖြတ်က ကျနော်တို့ အပေါ်ပဲ မူတည်ပါတယ်။ ဖြစ်နိုင်သမျှ အပြည့်စုံဆုံး ပွဲကို ကစားကြဖို့ပဲ လုပ်ရမှာ။

မန်ချက်စတာက အပြာရောင်တွေ အားလုံးကို လမ်းပေါ်မှာ၊ ကွင်းထဲမှာ လာ အားပေးကြဖို့ ကျနော်ကတော့ ဖိတ်ခေါ်ချင်တယ်။ သူတို့ သိပ်ကို ဂုဏ်ယူရမှာပါ။ ဒါကို ကျနော် သေချာ ပြောနိုင်တယ်။ ” လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

မန်စီးတီးရဲ့ နောက်ဆုံးပွဲက အက်စတွန်ဗီလာနဲ့ ပွဲ ဖြစ်ပြီး အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ရမှာပါ။ ဗီလာနည်းပြ က လီဗာပူး ဂန္တဝင်ကြီး စတီဗင် ဂျရတ် ဖြစ်နေပေမယ့် ဗီလာက မန်စီးတီးကို အီတီဟက်မှာ ယှဉ်နိုင်ဖို့က အတော်ကို ခက်ခဲမယ့် ကိစ္စလည်း ဖြစ်ပါတယ်။