ဘရာဇီးသတင်းတွေမှာတော့ လီဗာပူးအသင်းဟာ မမျှော်လင့်ထားတဲ့ အပြောင်းအရွှေ့ တစ်ခုကို လုပ်ဆောင်တေ့ာမယ်လို့ ဖော်ပြနေပါတယ်။

ဘရာဇီးရုပ်သံ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Milton Neves ကနေပြီး ဆန်းတိုစ့်အသင်း လူငယ်တိုက်စစ်သမား Marcos Leonardo က လီဗာပူးအသင်းထံ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့တာပါ။

Neves က “ မနေ့က Corinthians အသင်းက ဆန်းတိုစ့် ကောင်လေးကို ရှုံးခါနီလေးကနေ ကပ်လွတ်သွားခဲ့တယ်။ မာကိုစ့် လီယိုနာဒိုက လီဗာပူးကို ရောက်တော့မှာပါ။ ဒီကောင်လေးက ရိုမာရီယို လက်သစ်လေးပါ ” လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

လီယိုနာဒိုဟာ ဆန်းတိုစ့် စီနီယာအသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။ သူဟာ ဒီရာသီ ၃၁ ပွဲမှာ ကိုယ်တိုင် ၁၂ ဂိုး သွင်းထားပြီး စုစုပေါင်း ၉၄ ပွဲမှာ ၂၅ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် လီယိုနာဒိုကို အင်္ဂလန်အသင်းတွေ လိုက်နေတယ်ဆိုတာကို တောင်အမေရိက ဘောလုံးသုံးသပ်သူ Veloso က ထုတ်ပြောထားခဲ့တယ်။ အခုလို လီဗာပူးနာမည်တပ်ပြီး ဖော်ပြခံရတာက ပထမအကြိမ် ဖြစ်ပေမယ့် အရမ်းကြီး အလေးအနက် သဘော ပြောဆိုခဲ့တာ မဟုတ်ပါဘူး။

တိုက်စစ်သမားကတော့ တရက်မှာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားလိုတယ်လို့ ထုတ်ပြောထားတယ်။ ဒီနှစ်တွေအတွင်း လီဗာပူးအသင်းဟာ စပိန်နဲ့ ပေါ်တူဂီ အနွယ်တွေကတစ်ဆင့် တောင်အမေရိက ကစားသမားတွေကို အဓိက ခေါ်ယူလာနေခဲ့ပါတယ်။

သိရသလောက်က လီယိုနာဒိုရဲ့ စာချုပ်ပါကြေးက ပေါင် ၅၁ သန်း ထိ ရှိပေမယ့် လီဗာပူးက ပေါင် ၁၀-၁၂ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ဖြစ်ပါတယ်။