လူငယ်ကစားသမားတွေဟာ တောက်ပလာဖို့ ကံနည်းနည်းကောင်းဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ အခိုက်အတန့်တွေမှာ ပွဲကစားဖို့ အခွင့်အရေးရလာချိန် ပါဝင်ပေးဖို့ အဆင်သင့် ရှိနေတာမျိုးဖြစ်ပါတယ်။

လီဗာပူးသတင်းထောက် Neil Jones က ဖော်ပြရာမှာ မနှစ်ကနွေမှာ အက်စတွန်ဗီလာက ဂျုံးကို အပြီးသတ် ခေါ်ယူနိုင်ရေးအတွက် ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းခဲ့သလို လိဒ်ယူနိုက်တက်ကလည်း ချိတ်ဆက်ခဲ့ပေမယ့် အသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

လီဗာပူးက ဂျုံးအပေါ် အတော်လေး မျှော်လင့်ခဲ့ပေမယ့် မနှစ်က ဘောလုံးရာသီမှာ ဖျားနာမှု၊ ကိုဗစ်တွေကြောင့် ပုံမှန်ပွဲထွက်ပေးနိုင်ရေး ကွင်းလယ်လူက ရုန်းကန်ခဲ့ရပါတယ်။ ဒါဟာ စီနီယာပွဲကစားခွင့် ၇၅ ပွဲ ပြည့်တော့မယ့် အသက် ၂၁ နှစ်အရွယ် ကာတစ်ဂျုံးအတွက် စိတ်ပျက်စရာ ကောင်းခဲ့ပါလိမ့်မယ်။

လာမယ့်ရာသီမှာတော့ ဂျုံးဟာ အားလုံးရဲ့ ပိုမို စောင့်ကြည့်မှုတွေ ခံရပါတော့မယ်။ လီဗာပူးအဝတ်လဲခန်းရဲ့ ပုံမှန် အဖွဲ့သားဖြစ်တဲ့ သူဟာ အသင်းရဲ့ အကယ်ဒမီကနေ စီနီယာအဆင့်ကို ရောက်လာတဲ့ ကောင်းမွန်တဲ့ နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်တယ်။

မျက်လုံး ဒဏ်ရာကြောင့်နဲ့ ကိုဗစ် ကူးစက်ခံရမှုတွေကြောင့် ၂ လနီးပါး လေ့ကျင့်ရေး မဆင်းနိုင်ခဲ့တဲ့ ကာတစ်ဂျုံးဟာ ကွင်းလယ်လူတွေအတွင်း ဦးစားပေးခံရမှုမှာ နံပါတ် ၅ နေရာထိ ရောက်ရှိသွားခဲ့ပါတယ်။ ကလေ့ာပ်က ဂျုံးဟာ ခြေစွမ်းတည်ငြိမ်ရေး လုပ်ပြရမှာဖြစ်ကြောင်းနဲ့ သူ့ထံကနေ အများကြီး မျှော်လင့်ထားကြောင်းကိုပါ ထုတ်ပြောခဲ့ပါသေးတယ်။

ဘရန့်ဖိုဒ့်နဲ့ပွဲမှာ သွင်းဂိုးရယူခြင်း၊ ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးထောက်ပံ့မှုကို hat-trick ထိ လုပ်နိုင်ခြင်းနဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အာဆင်နယ်ကို အနိုင်ယူခြင်းတွေမှာ ဂျုံးက အတော်လေး တောက်ပခဲ့ပါတယ်။ အခုချိန်မှာတော့ ဂျုံးဟာ ခြေစွမ်း တည်ငြိမ်မှုတွေကို စတင်ပြသရတော့မှာဖြစ်ပါတယ်။

ကာတစ်ဂျုံးဟာ လီဗာပူး စီနီယာအသင်းမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့တာ ၂ ရာသီခွဲကြာ ရှိခဲ့ပါပြီ။ လာမယ့်ရာသီကတော့ သူဟာ အသင်းအတွက် ဘာလုပ်ပြနိုင်သလဲဆိုတာ သက်သေပြရတော့မယ့် အချိန်အခါကို ရောက်လာခဲ့ပါပြီလို့ Neil Jones က ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။