အပြောင်းအရွှေ့ရေးရာ ဂျာနယ်လစ်ဖြစ်သူ ရိုမန်နိုက သူ့ရဲ့ ယူကျူ့ချန်နယ်ကနေပဲ ဒါဝင် နူးညက်စ်ကို ခေါ်ယူရေး ရီးရဲလ်မက်ဒရစ်က အတော်လေး စိတ်ဝင်စားခဲ့သေးကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဘင်ဖီကာကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၇.၅ သန်းနဲ့ ဒါဝင် နူးညက်စ်ကို ခေါ်ယူဖို့ လီဗာပူးအသင်း သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်တယ်။ ပြောင်းရွှေ့ကြေးဟာ ပွဲထွက်ခွင့်နဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်တွေအရ ပေါင် ၈၅ သန်းထိ ရောက်ရှိသွားနိုင်တာ ဖြစ်ပါတယ်။

နူးညက်စ်ကို ခေါ်ယူရေးမှာ လီဗာပူးက ယူနိုက်တက်တင် မကဘဲ ဥရောပပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့လည်း ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ရိုမန်နိုက ပြောရာမှာ “ လီဗာပူးက နူးညက်စ်ကို ခေါ်ဖို့ လွယ်ကူခဲ့တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ? ဘာလို့လဲဆိုတော့ ဘာပေးကို ခေါ်ယူလို့ မရခဲ့တဲ့နောက် ရီးရဲလ်မက်ဒရစ်ဟာ နူးညက်စ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က လိုချင်တဲ့ တိုက်စစ်သမားတွေထဲ နူးညက်စ်လည်း ပါခဲ့ပါတယ်။ ဒါပေမယ့်လို့ ပက်စ်ပိုစ့် ကိစ္စ မဖြစ်နိုင်တာကြောင့် ကမ်းလှမ်းလို့ မရခဲ့ပါဘူး။ ဒါဝင်မှာက ဥရောပပက်စ်ပိုစ့် မရှိတာကြောင့် ဘင်ဖီကာကနေ သူ့ကို ခေါ်ယူဖို့ ညိနှိုင်းနိုင်ခဲ့ရင်တောင် ရီးရဲလ်မက်ဒရစ်က ကစားသမားသစ်အဖြစ် မှတ်ပုံတင်လို့ မရပါဘူး။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ဒါဝင်ကို ခေါ်ယူဖို့ မဖြစ်နိုင်ခဲ့တာပါ ” လို့ ရှင်းပြသွားခဲ့ပါတယ်။

ဘင်ဖီာကာအတွက် ပြိုင်ပွဲစုံ ၈၄ ပွဲမှာ ကိုယ်တိုင် ၄၇ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၆ ကြိမ် လုပ်နိုင်ခဲ့တဲ့ နူးညက်စ်ဟာ နွေတုန်းကပဲ အသက် ၂၃ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းနဲ့ ၆ နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပြီဖြစ်တယ်။

မနှစ်ကရာသီ ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ နူးညက်စ်ဟာ ဒီလ ၉ ရက်နေ့မှာတော့ လီဗာပူးအသင်းနဲ့ စတင် ပူးပေါင်းသွားမှာပဲ ဖြစ်ပါတယ်။