ဒေါ့မွန်အသင်းကို ကိုင်တွယ်စဉ် ကလော့ပ် ပျိုးထောင်ခဲ့ပြီး ၁၇ နှစ်သားနဲ့ ပွဲထွက်ခွင့်ရခဲ့တဲ့ ဂေါ့ဇီဟာ လီဗာပူးအသင်း အောင်မြင်မှု သမိုင်းကြောင်းမှာ အရေးပါသူတစ်ဦးအဖြစ် ပရိသတ်အချို့က ကျေးဇူးတင်ခြင်း ခံရသူပါ။

၂၀၁၆ မှာ လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ်မှာ အဆင်မပြေတဲ့ ဂေါ့ဇီကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်။ ကလော့ပ်က သူ့တပည့်ဟောင်းကို အင်္ဂလန်ထံလာဖို့ စည်းရုံးခဲ့ပေမယ့် ချန်ပီယံလိဂ် မကစားရတဲ့ အကြောင်းပြချက်နဲ့ ဂေါ့ဇီက ဒေါ့မွန်ကို ပြန်ပြောင်းသွားခဲ့ပါတယ်။

ဂေါ့ဇီပေးခဲ့တဲ့ ချန်ပီယံလိဂ်မဝင်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်ဟာ ယာဂင်ကလော့ပ်ကို အတော်လေး စိတ်တိုစေခဲ့ပြီး ကလော့ပ်က မီဒီယာတွေရှေ့မှာ ချန်ပီယံလိဂ်ကစားရမှ လီဗာပူးလာမယ်ဆိုတဲ့ ကစားသမားတွေကို ဘယ်တော့မှ မခေါ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။

အဲ့နောက်မှာ ဆောက်သမ်တန်ကနေ မာနေးကို ခေါ်ယူခဲ့ပြီး ဆီနီဂေါသားဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုတွေမှာ သက်ရောက်မှု ကြီးမားခဲ့ကာ ဒီနွေမှာတော့ ဂန္တဝင်တစ်ဦးအဖြစ် ဘိုင်ယန်မြးနစ်ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါကို တစ်ကျော့ပြန်လာတဲ့နောက် အတိတ်က ကိစ္စအတွက် ဂေါ့ဇီက ပြောရာမှာ

” လီဗာပူးက ယာဂင်ကလော့ပ်နဲ့ ပထမဆုံး ဘောလုံးရာသီမှာ အဆင့် ၈ နေရာမှာပဲ ရှိခဲ့တယ်။ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့် မအောင်မြင်ခဲ့ပါဘူး။ အဲ့မတိုင်ခင် နှစ်တွေတုန်းကလည်း လီဗာပူးက ချန်ပီယံလိဂ်မှာ အမြဲတမ်း ပါဝင်ကစားနေတဲ့ အသင်း မဟုတ်ပါဘူး။

ဒေါ့မွန်က တူချယ် လက်အောက်မှာ ရာသီကောင်းကို ပိုင်ဆိုင်နေတာပါ။ ဒေါ့မွန်က တိုးတက်လာနေခဲ့တယ်။ ယာဂင်ကလော့ပ်က တည်ဆောက်နေဆဲ ကာလတစ်ခုကို ကျော်ဖြတ်နေရတယ်။ အတိတ်ကို ပြန်ပြောရမယ်ဆိုရင် လီဗာပူးက ပိုကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ပြောရမှာပါ ” လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ လတုန်းက လက်စတာနဲ့ ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲတုန်းကလည်း ဂေါ့ဇီက ” ကျနော် ကောင်းကောင်းကြီး ဆင်ခြင်နိုင်တဲ့ အနေအထားမှာ မရှိခဲ့တာကြောင့် မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဒါကြောင့်ပဲ လီဗာပူးထံပြောင်းဖို့ မဖြစ်မြောက်ခဲ့တာပါ။

နောင်တရမိလားဆိုရင် အတိတ်ကို ပြန်ကြည့်ဖို့ဆိုတာက ခက်ခဲပါတယ်။ ဒါပေမယ့် အခုချိန်မှာ ဒီမေးခွန်းအတွက် ပြန်ဖြေရရင် နောင်တရပါတယ်။ ကျနော် လီဗာပူးကို ပြောင်းခဲ့သင့်တာပါ။ ကျနော် မှားယွင်းတဲ့ ဆုံးဖြတ်မှုကို လုပ်ခဲ့မိပါတယ်။ ဒါပေမယ့် ဒါက နောင်တ မဟုတ်ပါဘူး ” လို့ ဆိုခဲ့သေးတာ ဖြစ်ပါတယ်။