လီဗာပူးအသင်းဟာ အီတလီကလပ် ဂျူဗင်တပ်ဘက်က စိတ်ဝင်စားနေတဲ့ ဖာမင်နိုကို ဒီနွေဈေးကွက်မှာ ရောင်းထုတ်သွားဖို့ မရှိဘူးလို့ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။

အသက် ၃၁ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်တော့တာဖြစ်ပြီး စာချုပ်သစ်ကိစ္စ ဆွေးနွေးစကားပြောမှု အနည်းငယ်ပဲ ရှိထားတာပါ။ ၂၀၁၅ ခုနှစ်မှာ ဟော့ဖန်ဟိမ်းကနေ ပေါင် ၂၉ သန်းနဲ့ ပြောင်းလာတဲ့ ဘရာဇီးသားအတွက် ဒီရာသီဟာ လီဗာပူးကစားသမားဘဝ ၇ ရာသီမြောက်လည် ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကို မာနေး ထွက်ခွာသွားပြီး ဘင်ဖီကာကနေ နူးညက်စ် ရောက်လာမှုကြောင့် လီဗာပူးတိုက်စစ်ဟာ အပြောင်းအလဲကြီး ရှိထားပြီးပါပြီ။ အသင်းဘက်က တောင်အမေရိက ကစားသမားတွေဖြစ်တဲ့ ဒီယက်စ်နဲ့ နူးညက်စ်တို့ လီဗာပူးမှာ အဆင်ပြေဖို့ ဖာမင်နိုရဲ့ ကူညီပေးနိုင်မှု အများကြီး ရှိလိမ့်မယ်လို့ တွက်ဆထားတယ်။

အိုရီဂီကို အလွတ်နဲ့ အေစီမီလန်ထံ၊ မီနာမီနိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ မိုနာကိုထံ လက်လွတ်ခဲ့ရပြီးဖြစ်လို့ နောက်ထပ် တိုက်စစ်သမား တစ်ဦးကို လက်လွတ်ရဖို့ အသင်းဘက်က ဆန္ဒ မရှိပါဘူး။

ဂျူဗင်တပ်ဟာ ဖာမင်နိုကို ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ လောက်ထိ ပေးမှာ မဟုတ်ဘူး။ အခုချိန်ထိ ဘရာဇီး တိုက်စစ်သမားအတွက် တရားဝင် ကမ်းလှမ်းမှုတွေကိုလည်း အသင်းဘက်က မရထားပါဘူး။

လီဗာပူးအတွက်က ဖာမင်နိုကို သက်သာတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ထွက်ခွင့်ပေးပြီး သူ့နေရာအတွက် အစားထိုးမှုလုပ်ဖို့ ရှာဖွေတာထက် တစ်ရာသီ ဆက်ထိန်းထားတာက ပိုပြီး အဖိုးတန်ဖို့ ရှိနေတာဖြစ်ပါတယ်။

ဖာမင်နိုဟာ ရာသီသစ်မှာ လီဗာပူးအသင်းအတွက် အရေးပါတဲ့ အသင်းသားတစ်ဦးအဖြစ် ဆက်ရှိနေမှာဖြစ်ကာ သူဟာ ဒီယက်စ်နဲ့အတူ ရာသီကြို ပြင်ဆင်မှုကိုတောင် စတင်ခဲ့ပြီဖြစ်ပါတယ်။