ကာဗယ်ရိုဟာ လီဗာပူးကစားသမားအဖြစ် အက်ဆာမှာ လေ့ကျင့်ရေး ဆင်းနေခဲ့ကာ အသင်းဖော်တွေထံက အထင်ကြီးမှုတွေကိုတောင် ရရှိထားပြီဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူဟာ gym မှာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ် လေ့ကျင့်ရေး ဆင်းချိန်မှာတင် အသင်းဖော် ၃ ဦးလောက်ကို ပေါင်ကြားထဲ ဘောလုံးထည့်ခဲ့ပါတယ်။ စကေးကောင်းတယ်လို့ အသံထွက်နေတဲ့ ကာဗယ်ရိုက ဟန်ဒါဆန်တို့နဲ့အတူ သက်လုံအတွက် ပြေးလွှားခြင်းတွေကို စတင်နေပါပြီ။

လီဗာပူးအသင်းရဲ့ ရာသီကြို ဗီဒီယိုတွေမှာ အနည်းငယ် ရှက်တတ်ပုံရတဲ့ ကာဗယ်ရိုဟာ လေ့ကျင့်ရေးတွေမှာ အကောင်းဆုံး ပါဝင်နေပါတယ်။ သူ့ရဲ့ အလားအလာတွေကို ချီးကျူးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

“ ကျနော်တို့အားလုံး ဖေဘီယိုနဲ့အတူ လေ့ကျင့်ရေးဆင်းရတဲ့ ရက်အနည်းငယ်မှာ သူ့ရဲ့ သိပ်မြင့်မားတဲ့ အရည်အသွေးကောင်းတွေကို မြင်ထားရပါတယ်။ သူက ဘောလုံးနဲ့အတူ ထူးချွန်ပါတယ်။ ကျနော်တို့ ကစားလိုတဲ့ ဖိအားပေးမှု နည်းလမ်းအတိုင်း ကစားနိုင်ပါတယ်။

ကျနော်ကတော့ အသင်းက လက်မှတ်ထိုးထားတဲ့ အသင်းဖော်တိုင်းက အသင်းအတွက် သက်ရောက်မှုကြီးမယ်လို့ ထင်ပါတယ် ” လို့ ရိုင်းဝီလီယမ်က ပြောပါတယ်။

ကာဗယ်ရိုနည်းတူ နူးညက်စ်နဲ့ ရမ်ဆေးတို့ဟာ လီဗာပူးအသင်းကို စိတ်လှုပ်ရှားရမှု အသစ်တွေနဲ့ စိန်ခေါ်မှု အသစ်တွေ ယူဆောင်ပေးလာမှာပါ။

“ ဖဘ်က ငယ်သေးပေမယ့် နည်းစနစ်ပိုင်း လက်ဆောင်ရထားသူပါ။ မနှစ်ကရာသီ ဖူလ်ဟမ်အသင်းမှာတုန်းက သူ့ခြေစွမ်းကို ကျနော် အကြိမ်နည်းနည်း မြင်ထားရပါတယ်။ အဲ့မှာရှိတဲ့ ကျနော်သိတဲ့ ကစားသမားတွေကလည်း သူ့ကို အတော်လေး ချီးကျူးကြပါတယ်။

ဒီမှာရှိတဲ့ အသင်းဖော်တွေထံက သူ အကောင်းဆုံး သင်ယူနိုင်မယ်၊ အထိုင်ကျမယ်ဆိုတာ ကျနော် သေချာ ပြောနိုင်ပါတယ်။ လူသစ်တွေ ရောက်လာတိုင်းမှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရတာ စိတ်လှုပ်ရှားရတာတွေနဲ့အတူ အသစ်အဆန်းတွေ ဖြစ်လာတတ်ပါတယ်။

ဒီလို စိတ်လှုပ်ရှားမှု အသစ်တွေကပဲ နောက်တစ်ဆင့်တွေကို ရောက်ဖို့ အဆင့်အတန်းတွေကို ပိုမြင့်မားသွားစေတယ်။ ဒါက အမြဲတမ်း ကောင်းတဲ့ ကိစ္စပါပဲ ” လို့ ချိန်ဘာလိန်က ဆိုခဲ့တာပဲ ဖြစ်ပါတယ်။