လီဗာပူးအသင်းရဲ့ စီအီးအိုရာထူးကို Peter Moore ထံကနေ Billy Hogan လွဲယူထားခဲ့တာ ၂ နှစ်နီးပါး ရှိနေခဲ့ပြီဖြစ်ပါတယ်။

Billy Hogan ဟာ ၂၀၁၂ မှာ commercial director အဖြစ် လီဗာပူးအသင်းကို ရောက်လာခဲ့ပြီးနောက် chief commercial officer အဖြစ် ရာထူးတက်ခဲ့ကာ ၅ နှစ်အကြာမှာ Ian Ayre နေရာ အစားဝင်ပြီး managing director ဖြစ်လာခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာ Billy Hogan ဟာ အဖွဲ့သား ၄၀ ပါတဲ့ ရုံးခန်းတစ်ခုကို လန်ဒန်မှာ ဖွင့်ထားပြီး လီဗာပူးအသင်းအတွက် စီမံခန့်ခွဲပေးနေသူပါ။ သူဟာ အသင်းပိုင်ရှင်အဖွဲ့ FSG ဘက်က လီဗာပူးအသင်းအတွက် ပို့ထားတဲ့ အကြီးတန်း အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းကို သူတာဝန်ယူ စီမံနေတဲ့ ကာလဟာ ကိုဗစ်ကာလကို ကျော်ဖြတ်နေရတဲ့ အခိုက်အတန့် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ မှာ ကိုဗစ်ကြောင့် ပေါင် ၄၁.၅ သန်းထိ အရှုံးပေါ်ခဲ့တဲ့ လီဗာပူးအသင်းဟာ ၂၀၂၁ မှာတော့ ပေါင် ၄.၈ သန်း အရှုံးပေါ်ခဲ့ပါတယ်။

“ ကိုဗစ်ဟာ ဘယ်သူကမှလည်း ထင်မထားတဲ့ ကိစ္စဖြစ်သလို ဒီအခြေအနေက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ တကယ်ကို ခက်ခဲတဲ့ အချိန်ဖြစ်ပြီး ကိုယ်ရဲ့ အလုပ်တွေကို အတော်လေး အာရုံစိုက် ကြိုးစားခဲ့ရပါတယ်။

ကျနော်တို့ အနေနဲ့ အသင်း အခြေခိုင်ခိုင် ရပ်တည်နိုင်အောင် အစုအဖွဲ့နဲ့ ရင်ဆိုင်ဖြေရှင်းရတယ်။ ကိုယ်ရဲ့ နည်းလမ်းတွေအတိုင်း ဒီအခိုက်အတန့်မှာ ရှင်သန်အောင် ကျနော်တို့ နေထိုင်ရပါတယ်။

တတ်နိုင်သလောက် အသုံးစရိတ်တွေ ဖြတ်တောက်ခဲ့ရတယ်။ ပွဲနေ့ ဝင်ငွေ လုံးဝမရှိဘူး။ ဒါပေမယ့် အသင်းကို စီမံလာခဲ့တာ ၁၀ နှစ်လောက် ရှိပြီဖြစ်တာမို့ အနေအထားကောင်းမှာ ဆက်ရှိနေအောင် စီမံနိုင်ဖို့ ရှာဖွေခဲ့ရတယ် ” လို့ ဟိုဂန်က ရှင်းပြပါတယ်။

ကလပ် အသုံးအဆောင်ပစ္စည်းဆိုင်တွေ၊ ကွင်းထဲ အလည်အပတ် ခရီးစဉ်တွေကို ပိတ်ထားရချိန်မှာ လီဗာပူးအသင်းရဲ့ အားထားရာက စီပွားရေးဆိုင်ရာ မိတ်ဘတ်တွေပဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်း လီဗာပူးအသင်းဟာ Nike, Expedia, Amazon, Quorn and SC Johnson တို့လို ပါတနာအသစ်တွေနဲ့ လက်တွဲခဲ့ပါတယ်။

“ အသင်းမှာ ဘောလုံးမထိရတဲ့ ကျနော်တို့လို လူတွေက ဝင်ငွေပိုင်းကို မောင်းနှင်နိုင်အောင် လုပ်ပြီး အားကစားဒါရိုက်တာ ဂျူလီယန် ဝတ်နဲ့ ယာဂင်ကလော့ပ်ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ထောက်ပံ့နိုင်ရေး ကြိုးစားကြရပါတယ် ” လို့ ဟိုဂန်က ရှင်းပြပါတယ်။

အင်္ဂလန်ပြင်ပက စီပွားရေး မိတ်ဘက်တွေဟာ လီဗာပူးအသင်း ကိုဗစ်ကာလကို တောင့်ခံနိုင်ဖို့ အဓိက ကူညီပေးခဲ့ကြပါတယ်။ ဒီကာလတွေအတွင်း လီဗာပူးရဲ့ အွန်လိုင်း ရောင်းချမှုဟာ ၈၉% ထိ ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ Nike နဲ့အတူ စံချိန်တင် ဂျာစီ ရောင်းချရမှုကို လုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးနဲ့ Nike ကြား စာချုပ်အရ အသင်းဟာ တစ်နှစ်ကို ပေါင် သန်း ၃၀ ပဲ ရရှိဖို့ အာမခံချက် ရှိထားတာပါ။ ဒါပေမယ့်လို့ ဂျာစီ ရောင်းရမှုတွေကနေ သစ္စာရှိကြေးအဖြစ် ၂၀% ခံစားခွင့် ပါဝင်ခဲ့ပါတယ်။ ဒီအိုင်ဒီယာက အသင်း ကြီးထွားလာသလောက် ပုံရိပ်မြင့်လာသလောက် ဝင်ငွေပိုရဖို့ဖြစ်ပြီး တစ်နှစ်ကို ပေါင် သန်း ၇၀ လောက်ထိ ရရှိစေပါတယ်။

ဒါ့အပြင် မနှစ်ကရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်တာကြောင့် Nike ထံက ဆုကြေး ပေါင် ၂ သန်း ရခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မယ်ဆိုရင် ရမယ့် ဆုကြေးက ပေါင် ၆ သန်း ဖြစ်ပါတယ်။

ဒီလထဲမှာပဲ အသင်းဟာ Standard Chartered Bank နဲ့ တစ်နှစ်ကို ပေါင် သန်း ၅၀ ရှိမယ့် ၄ နှစ် သက်တမ်းတိုးစာချုပ် အောင်မြင်ခဲ့ပါတယ်။ ဒီစာချုပ်ဟာ လီဗာပူးရဲ့ ကွင်းတွင်း အောင်မြင်မှုတွေကြောင့် တိုးတက်လာတဲ့ ပုံရိပ်တွေအရ ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တမ်းမှာ ၂၀၂၃ မှာ စာချုပ်ကုန်မယ့် Standard Chartered ဟာ လီဗာပူးကနေ ထွက်ခွာဖို့ စဉ်းစားနေခဲ့ပြီဖြစ်ကာ အသင်းဘက်က အခြားသော စပွန်ဆာအဖြစ် cryptocurrency ကုမ္ပဏီအချို့နဲ့ပါ ညိနှိုင်းနေပါပြီ။ သို့ပေမယ့် နာမည်ကျော် ဘဏ်အဖွဲ့အစည်းနဲ့ ဒီနွေ အာရှခရီးစဉ်မှာ လာရောက် ဆွေးနွေးခဲ့ကြပြီး ပေါင် သန်း ၂၀၀ တန်ကြေးရှိ စာချုပ်သစ်ရခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တစ်နှစ်ကို ပေါင် ၁၀ သန်း ဝန်းကျင် စပွန်ဆာပေးနေတဲ့ Expedia ကလည်း ၂၀၂၃ မှာ စာချုပ်ကုန်မှာဖြစ်လို့ လီဗာပူးအသင်းက ပါတနာအသစ်တွေ ရှာဖွေနေပါပြီ။ လီဗာပူး စီပွားရေးဌာနရဲ့ အကြီးအကဲတွေ ဒီလို ကြိုးစားနေမှုဟာ ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရမ်းကြီး အလှမ်းမကွာတဲ့ အနေအထားကို ရောက်လာစေပါတယ်။

ဆယ်စုနှစ်အတွင်း လီဗာပူးအသင်းရဲ့ စီပွားရေးဝင်ငွေဟာ ပေါင် ၂၁၇.၆ သန်းကို ရောက်လာပါပြီ။ ဒါပေမယ့်လို့ ယူနိုက်တက်ရနေတဲ့ တစ်နှစ်ဝင်ငွေ ပေါင် ၂၃၂ သန်း၊ မန်စီးတီးရနေတဲ့ တစ်နှစ်ဝင်ငွေ ပေါင် ၂၇၂ သန်းကိုတော့ မမီသေးပါဘူး။ ဒီကာလတွေအတွင်း လီဗာပူးအသင်းရဲ့ ဝန်ထမ်းဟာ လေးပုံ တစ်ပုံ ထပ်တိုးလာခဲ့ပြီး အသင်းဟာ ဝန်ထမ်းပေါင်း ၉၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။

“ ကွင်းတွင်း အောင်မြင်မှုတွေက မယုံနိုင်လောက်အောင် အရေးကြီးပါတယ်။ ဒီအတွက်ပဲ ကျနော်တို့ ကြိုးစားနေတာပါ။ အခုချိန်မှာ ကွင်းပြင်ပ ကိစ္စတွေကို အကောင်းဆုံး လုပ်နေတာက ကွင်းတွင်း အောင်မြင်ရေးကို ထောက်ပံ့ဖို့ပါ။

ကွင်းတွင်းမှာလည်း ပွဲတွေ အနိုင်ရအောင် ဆုဖလားတွေ အနိုင်ရအောင် ကြိုးစားနေပါတယ်။ ဒီအတွက် ယာဂင်က ဘယ်လို ခေါင်းဆောင်ကောင်းလဲဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။

ဒါကပဲ ကမ္ဘာအကြီးဆုံး အားကစားအဖွဲ့တစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြားအသင်းတွေ ဘာလုပ်နေတယ်ဆိုတာပဲ ကျနော်တို့ အာရုံမထားပါဘူး။ ကျနော်တို့ရဲ့ အမြင်မှာ ကုန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျနော်တို့ရဲ့ ဗျူဟာတွေက တိုးတက်လာပြီး ပါတနာတွေ တိုးပွားလာပါတယ်။

ဒါတွေက နှစ်ဦးနှစ်ဘက်အတွက် အကျိုးဖြစ်စေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အသင်း တိုးတက်လာတာအတွက် ဂုဏ်ယူသလို တိုးတက်လာအောင် ဆက်လုပ်ရမှာတွေအတွက် အာရုံစိုက်နေပါတယ် ” လို့ ဟိုဂန်က ဆက်ပြောပါတယ်။

လာမယ့်ရာသီမှာတော့ လီဗာပူးအသင်းရဲ့ Anfield Road တိုးချဲ့ရေး အစီအစဉ် ပြီးမြောက်ပါမယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာတော့ ပရိသတ်ပေါင်း ၇၀၀၀ ကျော်ကို ထပ်တိုး ဧည့်ခံနိုင်မှုနဲ့အတူ အန်ဖီးကွင်းဟာ ပရိသတ်ပေါင်း ၆၁၀၀၀ ထိ ဝင်ဆံ့သွားတော့မှာပဲ ဖြစ်ပါတယ်။