ယာဂင်ကလော့ပ်နဲ့ လက်တွဲပြီး ဂျာမာန်သားကြီးရဲ့ ညာလက်ရုံးအဖြစ် တောက်ပလာတဲ့ လက်ထောက်နည်းပြ ပက်လင်ဒါးဟာ သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပါပြီ။

လင်ဒါးဟာ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ လွှမ်းမိုးမှုကြီးသူဖြစ်ပြီး အနာဂတ်မှာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာမယ်လို့ ရေပန်းစားသူပါ။ လက်ရှိ လီဗာပူးအသင်းက လူငယ်အချို့ဟာ လူငယ်အသင်းနည်းပြဘဝက လင်ဒါးရဲ့ လမ်းညွှန်မှုတွေကနေ တောက်ပလာသူတွေဖြစ်ပါတယ်။

လီဗာပူးရဲ့ နံပါတ်နှစ်ဟာ သူ့ရဲ့ စာအုပ်သစ်ထဲမှာ ဆယ်ကျော်သက် ကွင်းလယ်လူ အဲလီးယော့ကို ပါရမီရှင်အဖြစ် ချီးမွမ်းခန်းဖွင့်ခဲ့ပြီး ထင်ရှားတဲ့ နှိုင်းယှဉ်မှုတစ်ခု လုပ်ခဲ့ပါတယ်။

ဖူလ်ဟမ် ကစားသမားဟောင်းဟာ အင်္ဂလန်ဘောလုံးလောကရဲ့ အလားအလာရှိ လူငယ်လေးအဖြစ် သတ်မှတ်ခံထားရသူပါ။ ဒါ့အပြင် လီဗာပူးကို ရောက်လာပြီးကတည်းက သူ့ရဲ့ ဂုဏ်သတင်းဟာ ပိုလို့တောင် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။

“ ဘောလုံးလောကမှာ တိုက်ရိုက် ထပ်တူကျတာမျိုး မရှိဘူး။ ဒါပေမယ့် ဟာဗေးအဲလီးယော့က အင်နီယေစတာလို အရည်အသွေး တချို့ရှိပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ ကွင်းလယ်လူတစ်ယောက်လို တွေးထားပါတယ် ” လို့ လင်ဒါးက ပြောပါတယ်။

အဲလီးယော့တင် ချီးကျူးခံရတာမဟုတ်ဘဲ ညာအစွန်လူ ထရန့်အပေါ် လီဗာပူးနည်းပြအဖွဲ့က အတော်လေး မြင့်မြင့်မှန်းထားပါတယ်။ အနာဂတ်မှာ လီဗာပူးအဝတ်လဲခန်းရဲ့ ဦးဆောင်သူဖြစ်လာမယ့် ထရန့်ဟာ ပါရမီရှင်အဖြစ် နည်းပြအဖွဲ့ရဲ့ ယုံကြည် ကိုးစားခြင်းကို ခံထားရပါတယ်။

“ ကျွန်တော်တို့ အကယ်ဒမီထွက် ကစားသမား ထရန့် အပါအဝင် ဥရောပရဲ့ ထိပ်တန်း ပါရမီရှင်တချို့နဲ့ တွဲလုပ်ခဲ့ရလို့ ကျွန်တော် ကံကောင်းပါတယ်။ ထရန့်က အောင်မြင်တဲ့ လေ့ကျင့်ရေးနဲ့ နည်းပြမှုတစ်ခုရဲ့ စံနမူနာပဲဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ ယူ-၁၆ အသင်းခေါင်းဆောင်အဖြစ်ကနေ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် အဖြစ် တိုးတက်လာပြီး ၂၃ နှစ်အရွယ်မှာ ဖြစ်နိုင်သမျှ အဓိက ကလပ်အဆင့် ဆုဖလားအားလုံး ရခဲ့တဲ့သူ့အတွက် ကျွန်တော် ဂုဏ်ယူမဆုံးဘူး။

ထရန့်က အသက် ၁၅ နှစ် အရွယ်ကတည်းက နည်းစနစ်ပိုင်း ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာပါ ” လို့ လင်ဒါးက ဆိုပါတယ်။

အင်္ဂလန်သားရဲ့ အရည်အသွေးက မငြင်းပယ်နိုင်ပေမယ့် သူ့ကို လာမယ့်နှစ်တွေအတွင်း ထိပ်တန်းကြယ်တစ်ပွင့်အဖြစ် ဆက်ရှိနေစေမယ့် အရည်အချင်းနဲ့ စိတ်ဓာတ်ကိုလည်း လင်ဒါးက ထောက်ပြခဲ့ပါတယ်။

“ သူ့မှာ ကျွန်တော် သဘောကျရတဲ့ အကျင့်စရိုက်တွေ အားလုံးရှိခဲ့တယ်။ အောင်မြင်ချင်စိတ်၊ တိုးတက်ချင်စိတ်တွေပေါ့။ ဒါပေမယ့် သူ့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရမယ့်အစား တခါတလေမှာ စိတ်ခံစားချက်တွေက သူ့ကို ထိန်းချုပ်သွားတယ်။

သူက များပြားကြီးမားတဲ့ အင်အား၊ ပြိုင်ဆိုင်မှုတွေနဲ့ လေ့ကျင့်ခဲ့ရသူပါ။ သူက စိတ်ဓါတ်ပိုင်း ပြင်းပြထက်သန်မှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ အသုံးချတဲ့ ကစားသမားဖြစ်ပါတယ်။ တစ်ယောက်ယောက်က ဘီလ်ရှန်ကလေရဲ့ စကားကို ကိုယ်စားပြုတယ်ဆိုရင် အဲ့ဒါ ထရန့်ပါပဲ။

‘အမြင့်မားဆုံးအဆင့်မှာ ကစားရတာက ဖိအား မဟုတ်ဘူး။ ဆုလာဘ်ပဲ’တဲ့။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့ အနာဂတ်ခေါင်းဆောင် တစ်ယောက်ကို ကျွန်တော် မြင်နေရတာပါ ” လို့ လင်ဒါးက ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။