အီတလီကလပ် ဂျူဗင်တပ်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ လီဗာပူးအသင်းနဲ့ စာချုပ်ကုန်တော့မယ့် ဘရာဇီး တိုက်စစ်မှူး ဖာမင်နိုရဲ့ ကိုယ်စားလှယ်တွေကို အပြောင်းအရွှေ့ကိစ္စ ချိတ်ဆက်မှု လုပ်ခဲ့ပါတယ်။

ဒီနွေဈေးကွက်မှာ ဖာမင်နိုရဲ့ အခြေအနေကို ဂျူဗင်တပ်ဘက်က စောင့်ကြည့်နေတာပါ။ အီတလီကလပ်က တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့် ဖာမင်နိုရဲ့ အနေအထားကို လေ့လာနေတယ်လို့ GOAL Brazil က ဖော်ပြပါတယ်။

ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဗလာဟိုဗစ်ကို ခေါ်ယူထားတာဖြစ်ပြီး တိုက်စစ်မှာဖာမင်နိုနဲ့ တွဲဘက်ပေးလိုပေမယ့် ဘရာဇီးတိုက်စစ်သမားအတွက် ယူရို ၂၃ သန်း ဝန်းကျင်စာချုပ်မျိုး ပေးလိုနေတာဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ ဂျူဗင်တပ်နဲ့ ညိနှိုင်းဖို့ စိတ်မဝင်စားသလို ဖာမင်နိုကို ဆက်ထိန်းဖို့ ဆန္ဒရှိနေပါတယ်။

အန်ဖီးမှာ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ဖာမင်နိုကို ဂျူဗင်တပ်ဘက်က ချိတ်ဆက်မှု အချို့ ပြုလုပ်နေခဲ့ပေမယ့် ဒါဝင် နူးညက်စ် အသားကျမြန်ရေး အဝတ်လဲခန်းတွင်း ဖာမင်နိုရဲ့ ကူညီပေးမှုတွေက အရေးပါလိမ့်မယ်လို့ ယာဂင်ကလော့ပ်က ယုံကြည်ထားပါတယ်။

အပြောင်းအရွှေ့ကနေ လူသစ် ခေါ်ယူရေးနဲ့ ပတ်သက်ပြီး သြစတြီးယားမှာ ရှိနေတဲ့ ကလော့ပ်က “ အကယ်လို့ ဘယ်ကစားသမား အသင်းကနေ ထပ်ထွက်တာ မရှိတော့ရင် ကျနော်တို့ရဲ့ ဈေးကွက်က ပြီးပါပြီ။ ဒါမှမဟုတ် ဆိုးရွားတဲ့ ဒဏ်ရာတွေ ထပ်မဖြစ်ခဲ့ရင် ကျနော်တို့ ပြီးပါပြီ။

ကျနော်ကတော့ လူသစ် ခေါ်ယူဖြစ်တော့မယ် မထင်ပါဘူး။ လီဗာပူးပရိသတ်တွေ အနေနဲ့ အခြားသော ကိစ္စတွေကို အာရုံစိုက်ဖို့ပါပဲ ” လို့ ထုတ်ပြောခဲ့ပါသေးတယ်။

ကလော့ပ်ရဲ့ ပြောဆိုမှုက ဒီဈေးကွက်ကနေ ကစားသမားသစ် ထပ်ဝင်လာဖို့ မရှိဘူးလို့ ဆိုလိုသလို ကစားသမား ရောင်းချပေးမှုတွေလည်း ရှိမှာ မဟုတ်ဘူးလို့ အဓိပ္ပာယ် သက်ရောက်တာပဲ ဖြစ်ပါတယ်။