လီဗာပူးအသင်းဟာ အင်္ဂလန်ပြင်ပ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲအဖြစ် ဆဲလ်ဘက်ကို ရင်ဆိုင်ရာမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပွဲအတွင်း မြင်ရခြင်းတွေကို အကျဉ်းသဘော ဆွေးနွေးသွားပါမယ်။

နူးညက်စ်ကို မြင်ခွင့်မရခဲ့

လီဗာပူးပရိသတ်တွေက နူးညက်စ်ထံက အဆင်သင့်သော ခြေစွမ်းတွေကို အရမ်းမြင်ချင်သလို တိုက်စစ်မှူးကလည်း ပြချင်ဇောတွေ သိပ်များပါတယ်။ ဒါပေမယ့်လို့ ဘယ်လိုနေနေ ဖိအားကြီးရှိမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ နူးညက်စ်က စိတ်ဓါတ်ပိုင်း အမြင့်ဆုံး ပြင်ဆင်ထားရပါမယ်။

ဆဲလ်ဘက်နဲ့ပွဲမှာ ဦးဆောင်ဂိုး မပေးရခင်ထိ အသင်းဖော်တွေက နူးညက်စ်ကို ဖန်တီးမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ မီလ်နာရဲ့ အဝေးက မတင်ပေးမှုကို ခေါင်းတိုက်ပြီး အဆုံးသတ်တာ၊ ဧရိယာထဲ ရလာတဲ့ အခွင့်အရေးကို ဆဲလ်ဘက် ခံစစ်သမားတွေကို လှိမ့်ခေါက်ပြီး အဆုံးသတ်ဖို့ ကြိုးစားတာမျိုးတွေကို ကြိုးစားခဲ့တယ်။

ဒါပေမယ့်လို့ ဦးဆောင်ဂိုး ပေးရပြီးနောက် နူးညက်စ်ကို ဖန်တီးမှု လုပ်ပေးဖို့ ရုန်းကန်ခဲ့ကြရသလို တိုက်စစ်မှူး ကိုယ်တိုင်ကလည်း ဘယ်သူ့ဆီက ဖန်တီးမှုကို စောင့်ရမယ် မသိတဲ့ အနေအထားတွေ မြင်ခဲ့ရပါတယ်။

ဆာလောင်ပေမယ့် အသားမကျသေးတဲ့ လူငယ်တွေ

ပထမပိုင်းမှာ လူငယ်ကစားသမားတွေထံက တစ်ဦးချင်း ခြေစွမ်းကောင်းတွေ မြင်ရပြီး ဆာလောင်စိတ်တွေ၊ အားထုတ်လိုစိတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လို့ အသင်းလိုက် ပုံစံမှာတော့ အကွပ်မရှိတဲ့ ကစားဟန်လို ဖရိုဖရဲနိုင်လွန်းခဲ့ပါတယ်။

တိုက်စစ်သမား ၃ ဦးကြား နေရာလွတ်က အရမ်းကျယ်လွန်းပြီး လိုအပ်တာထက် ဘောလုံးကိုင်ကစားမှု ပိုကြာတာ၊ ချိတ်ဆက်ဖို့ အဆင်သင့်မရှိတာတွေကပဲ ကစားပုံ ညက်ညောမှုမှာ စကားပြောခဲ့ပါတယ်။ ဘာ့ဆဲတစ်၊ ကာဗာရိုတို့ တစ်ဦးချင်း ကောင်းကြပေမယ့် ချိတ်ဆက်ကစားမှုမှာ အခြားအသင်းဖော်တွေလို ရုန်းကန်ခဲ့ရတယ်။

အထူးအားနည်းတာကတော့ ပြိုင်ဘက်ကို ဖိအားပေးရာမှာ မသေသပ်သလို ပိုင်ဆိုင်မှု ဆုံးရှုံးချိန်ခြင်းကို တစ်ဦးခြင်း စီးချင်းထိုးမှုတွေနဲ့ ပြန်လုယူရာမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေပဲ လုပ်နေကြတာပါပဲ။ ပထမပိုင်းအတွင်း ခံစစ်ကြောင်းမှာ အီဘူးကလွဲရင် မာဘာရာ၊ ဂိုးမက်စ်၊ မီလ်နာတို့ ဘောလုံးလုပုံ ချိန်သားမကိုက်ပါဘူး။

နွမ်းလျနေတဲ့ ခြေထောက်များ

သြစတြီးယား ရာသီကြိုဟာ လီဗာပူးအသင်းသားတွေ ပြင်းပြင်းထန်ထန် အားထုတ်ရတဲ့ လေ့ကျင့်ရေး အစီအစဉ်ပါ။ ဆက်တိုက်သော လေ့ကျင့်ရေးတွေ အောက်မှာ ကောင်းကောင်းကြီး ထရိန်းခံထားရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ ကစားအားတွေက ကုန်ခမ်းနေပါတယ်။

ကြီးမားလေးလံတဲ့ ခြေထောက်တွေနဲ့ ကွင်းထဲမှာ ပြေးလွှားကစားနေခဲ့ကြပြီး မိနစ် ၃၀ ကစားရတဲ့ စီနီယာကစားသမားတွေတောင်မှ ခပ်သွက်သွက်တွေ မလုပ်နိုင်ဘဲ ပြေးနှုန်းတွေမှာ အတော်လေးကျနေခဲ့ပါတယ်။

ဆဲလ်ဘက်ရဲ့ ကစားဟန်

ဆဲလ်ဘတ်ဟာ ပွဲစတည်းက ခပ်ကြမ်းကြမ်း ကစားနေပြီး အစောပိုင်း မိနစ်တွေမှာတင် ကာဗာရိုက ၂ ကြိမ်လောင် အမှောက်သိပ်ခံခဲ့ရပါတယ်။ မကြာခဏ ကွင်းထဲမှာ ထိတွေ့မှုတွေဖြစ်နေခဲ့သလို ဘယ်လီဗာပူး ကစားသမားကမှ ဒီပွဲမှာ ဒဏ်ရာမရခဲ့တာကိုပဲ သတင်းကောင်းလို့ ပြောရမှာပါ။

ဒုတိယပိုင်းမှာ ဖာဘင်ညို၊ ဒီယက်စ်တို့တွေ ဆဲလ်ဘတ် အသင်းသားတွေနဲ့ ခပ်ကြမ်းကြမ်း ထိတွေ့မှုတွေ ရှိခဲ့သေးကာ ဒီယက်စ်ကို ဖောင်းလုပ်မှုတွေက အားပါး ပြင်းထန်ခဲ့ကြပါတယ်။ နောက်ဆုံး တစ်ကြိမ်ကတော့ လီဗာပူးအသင်း ပင်နယ်တီရခဲ့သင့်ပါတယ်။

ကွန်မြူနတီဒိုင်း လူစာရင်း

ဒီပွဲပုံစံအရတော့ ဒုတိယပိုင်းမှာ မိနစ် ၃၀ ကစားခွင့်ရခဲ့တဲ့ လူစာရင်းကပဲ မန်စီးတီးနဲ့ပွဲကို ပွဲထွက်မယ်လို့ ယုံကြည်ရပါတယ်။ ဂိုးသမားနေရာ အယ်လီဆန် ပြန်ပါနိုင်မလားကို စောင့်ကြည့်ရမှာပါ။ နူးညက်စ်ကို လက်တလော ခေါက်ထားဦးမယ်လို့ မှန်းဆရပြီး ဒီယက်စ်၊ ဖာမင်နို၊ ဆာလာ တိုက်စစ်အတွဲကို ထုတ်သုံးလာဖို့ ရှိနေပါတယ်။