ဆဲလ်ဘတ်နဲ့ပွဲမှာ လူငယ်အတွဲတွေကို တွဲဘက်မှုအား အဓိက ပြုလုပ်ခဲ့ပေမယ့် ကောင်လေးတွေ အမှားများလွန်းတယ်လို့ နည်းပြကလော့ပ်က ဝန်ခံပါတယ်။

၄-၃-၃ ပုံစံမှာ ကာဗာရို၊ နူးညက်စ်၊ ဟာဗေး အတွဲကို ထုတ်သုံးခဲ့ပြီး ဘယ်ညာ အစွန်တွေမှာ မီလ်နာနဲ့ မာဘာရာတို့က ပံ့ပိုးပေးခဲ့တာပါ။ ကာဗာရိုတို့ဟာ တောင်ပံနေရာကျယ်မှာ ကစားရတာကို နှစ်သက်ပေမယ့် အတွင်းကို ချိုးဝင်လာဖို့ ခက်ခဲနေခဲ့ကြတယ်။

တောင်ပံနှစ်ဘက်က လုပ်ပြချင်စိတ်တွေ သိပ်များနေပေမယ့် အတက်အဆင်း မမှန်ခဲ့သလို အသင်းလိုက်မှာ စုစုစည်းစည်းတော့ မဖြစ်ခဲ့ပါဘူး။

” ပထမပိုင်းမှာ ကျနော်တို့ အမှားကြီးတွေ သိပ်လုပ်ခဲ့တယ်။ ကျနော်တို့ အခိုက်အတန့်ကောင်းတွေလည်း ရခဲ့ပါတယ်။ အနည်းဆုံး ၄-၅ ဂိုးလောက် ရနိုင်တဲ့ အနေအထားကောင်းတွေ ရတယ်ဗျာ။ ဂိုးတွေမရဘူးဆိုတာက အဲ့အခွင့်အရေးတွေကို ပထမပိုင်းမှာရတာမို့ပဲ။

ဘောလုံးအမြင်နဲ့ ပြောရရင် ကျနော်တို့ သိပ်ဖွင့်ကစားလွန်းတယ်၊ တောင်ပံတွေကို အရမ်းဖြန့်လွန်းနေတယ်၊ ဘောလုံးဆုံးရှုံးသွားတဲ့ အခြေအနေတွေမှာကျတော့ ကျနော်တို့ လုံလောက်အောင် စုစုစည်းစည်း မရှိခဲ့ဘူး။ အဲ့တော့ ပွဲက လုံးဝကို ပွင့်ထွက်နေရော။

သူတို့က ကားပြေးလမ်းပေါ်မှာ ပြေးလွှားနေသလိုပဲ သူတို့ရဲ့ မြန်နှုန်းတွေနဲ့ဆို အခွင့်အရေးရလာရင် ဘယ်လို ကိုင်တွယ်နိုင်မလဲ။ ရိုးရှင်းတဲ့ ပေးမှုတွေကနေ ဘောလုံးဆုံးရှုံးရင် ဘယ်သူက ပြန်လိုက်နိုင်တော့မလဲ။ အခြေအနေတွေကို ကျနော်တို့ အကောင်းဆုံး မလုပ်နိုင်ခဲ့ပေမယ့် အခွင့်အရေးတော့ ရခဲ့ပါတယ် ” လို့ ကလော့ပ်က ပြောပြခဲ့တယ်။

ဒီပွဲမှာ ဆဲလ်ဘတ်က ကစားပုံ နည်းနည်းကြမ်းခဲ့ပေမယ့် ဒဏ်ရာရ ကစားသမားတွေတော့ မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ဒါဝင်ဟာ ကာဗာရို၊ ဟာဗေးတို့နဲ့ တွဲကစားရာမှာ ခပ်လှမ်းလှမ်းတွေ ဝေးနေခဲ့ပြီး တောင်ပံကနေကော ကွင်းလယ်ကပါ သူ့အတွက် လုံလောက်တဲ့ ဖန်တီးမှု မရခဲ့ပါဘူး။

မိနစ် ၃၀ ဝင်ကစားတဲ့ စီနီယာတွေထံကတော့ ပိုကောင်းတဲ့ ထိုးဖောက်မှုတွေ လုပ်ခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းတွေမှာ ဂိုးကံခေနေခဲ့ကြပါတယ်။

ယာဂင်ကလော့ပ်ကပဲ ” ဆဲလ်ဘက်ကအတွက်တော့ ဒီပွဲက ခြေစမ်းပွဲ မဟုတ်ဘူး။ ကျနော်တို့အတွက်လည်း ခြေစမ်းပွဲလောက်တင် မဟုတ်ပါဘူး။ ဆဲလ်ဘက်က ခပ်ကြမ်းကြမ်း ကိုင်တွယ်တယ် ဒါပေမယ့် သူတို့ ကောင်းကောင်းကစားခဲ့ပါတယ်၊ သူတို့ အကောင်းဆုံး လုပ်ခဲ့တာကို လေးစားရမှာပါ။

တခါတလေတော့ ကျနော်က သိပ်ကြမ်းတဲ့ ကိုင်တွယ်ပုံတွေကို မကြိုက်ပေမယ့်လို့ အဆင်ပြေပါတယ်။ ဒီမှာ ဒဏ်ရာရတာတွေ ဘာမှမဖြစ်ခဲ့ဘူးလို့ ထင်တာပါပဲ။ ပထမပိုင်းက အမှားသိပ်များတယ်။ ကောင်လေးတွေ ဒီထက်ပိုကောင်းကောင်း လုပ်နိုင်ပါသေးတယ်။ သူတို့ အခိုက်အတန့်ကောင်းတွေ ရခဲ့တာပဲ။

ဒါပေမယ့် ပထမပိုင်းမှာ ဒါဝင်က တစ်ကိုယ်တည်း ထီးထီးကြီးဖြစ်နေတယ်။ လူတိုင်းက အနောက်ကို ပြန်ဆင်းတယ်၊ ကစားကွက် တည်ဆောက်မှုမှာ လူတိုင်းပါဝင်တယ် ဒါပေမယ့် တောင်ပံကို ဖြန့်ကစားလွန်းခဲ့တယ်။ ဒါဝင်ကို ဘောလုံးပေးဖို့ရာ ဧရိယာထဲ တစ်ပေါက်ပဲရှိတယ်။

ဒီအခြေအနေကနေ သူက ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အနားမှာ ပိုပြီး ပံ့ပိုးမှုတွေ လုပ်ပေးနိုင်ဖို့ လိုပါတယ်။ အခြားအသင်းဖော်တွေ လှုပ်ရှားနေမှ ပြိုင်ဘက်ကစားသမားတွေက ဒါဝင်ကို အာရုံစိုက်မှု နည်းကုန်မှာပါ။ ကိစ္စတွေတော့ အများကြီး မြင်တာပါပဲ။

ဒုတိယပိုင်းမှာဆိုရင် ဧရိယာအတွင်း ဒါဝင်ရှိနေခဲ့ရင် အများကြီး အကူအညီဖြစ်ပါလိမ့်မယ်။ ပွဲကတော့ ဒါပါပဲ။ အရမ်းကောင်းတယ် မခံစားရဘူး ဒါပေမယ့် ဒီပွဲကနေ သင်ယူသွားရပါမယ် ” လို့ သုံးသပ်သွားတာဖြစ်ပါတယ်။