ဂျာမနီနဲ့ သြစတြီးယားတွေမှာ လိုက်ဇစ်၊ ဆဲလ်ဘတ်တွေနဲ့ ယှဉ်ပြိုင်အပြီး မိနစ် ၉၀ စာ ကစားခွင့်ရခဲ့တဲ့ ကွင်းလယ်လူ ဘာ့ဆဲတစ်ဟာ လီဗာပူးပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို သိမ်းကြုံးရယူသွားပါတယ်။

ရာသီကြိုမှာ ဘယ်လိုကြယ်ပွင့်ရမလဲဆိုတာကို လီဗာပူးပရိသတ်တွေ စောင့်မျှော်လေ့ရှိတာ ဒီနွေတစ်ခုတည်းမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေတုန်းက ဝုဒ်ဘမ်း၊ ဘရူးစတားတို့အပြင် ကိုမတ်တီယို၊ ဂေါ်ဒန် စသဖြင့် လူငယ်လေးတွေအပေါ် လီဗာပူးပရိသတ်တွေ မျှော်လင့်ခဲ့ကြပါတယ်။

ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်းမတည်ငြိမ်တာတွေကြောင့် များစွာသော လူငယ်တွေဟာ သူတို့ရဲ့ အခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ပေမယ့် ဘာ့ဆဲတစ်ကတော့ ခြားနားခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ကွင်းလယ်လူဟာ စီနီယာအသင်းသား ချိန်ဘာလိန် ဒဏ်ရာရသွားခြင်းကို အခွင့်အရေးယူပြီး ပွဲထွက်ခွင့် တစ်နေရာကို ဆုပ်ကိုင်သွားခဲ့တယ်။

၂၀၂၁ ခုနှစ်မှာ စပိန်ကလပ် ဆဲလ်တာဗီဂိုကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ရာသီကြိုကို ပူးပေါင်းရခြင်းဖြစ်ပေမယ့် သန်မာတဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့ပါတယ်။ ဆဲလ်ဘတ်နဲ့ပွဲဟာဆိုရင် သူ့ရဲ့ ပထမဆုံးသော ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ဖြစ်ခဲ့တာပါ။

ဘာ့ဆဲတစ်က သူ့ရဲ့ ပျော်ရွှင်မှုကို အင်စတာဂရမ်ကတဆင့် ” ကျနော်တို့ ရလိုတဲ့ ရလဒ် မဟုတ်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ်အချို့ရခဲ့တာက ကောင်းတာပါပဲ။ လီဗာပူးအသင်းအတွက် ပထမဆုံး ပွဲထွက်လူစာရင်းကနေ ကစားခဲ့ရတာကို ပျော်ရွှင်မိပါတယ် ” ဆိုပြီး မျှဝေခဲ့စဉ်မှာ များစွာသော လီဗာပူးပရိသတ်တွေက သူ့ကို အားပေးခဲ့ကြတယ်။

ပရိသတ်တွေ သဘောကျတဲ့အချက်က ဘာ့ဆဲတစ်ဟာ အသက် ၁၇ နှစ်ပဲ ရှိသေးပေမယ့် ကွင်းထဲမှာ ရင့်ကျက်တဲ့ ပုံစံတွေကို ပြသနိုင်တာပါ။ ဘောလုံးကိုင်ပြီး ဖြေရှင်းနိုင်သလို ဘောလုံးပြန်ရဖို့ ဖိအားပေးရာမှာ အသားကျနေခြင်းကလည်း သဘောတွေ့စရာဖြစ်ခဲ့တယ်။

ဒါပေမယ့်လို့ စပိန်သားဟာ လာမယ့်ရာသီမှာ သက်တမ်းအလိုက် အဆင့်ကနေ ပုံမှန် ပွဲကစားခွင့် ရှာဖွေရမှာဖြစ်ပြီး အတွေ့အကြုံတွေ စုဆောင်းရပါလိမ့်မယ်။ အနာဂတ်မှာတော့ စီနီယာအဆင့် ပွဲကစားခွင့်အတွက် အခွင့်အရေး ရချိန်မှာ ယခုလို အမိအရ ရယူနိုင်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။