လီဗာပူးအသင်းရဲ့ ကြမ်းတမ်းတဲ့ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ခဲ့ခြင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ရလဒ်ကောင်းဖို့ အဓိက ကျခဲ့တယ်လို့ ဖူလ်ဟမ်နည်းပြက ပြောပါတယ်။

ချန်ပီယံရှစ် ချန်ပီယံအသင်းတွေဟာ ပရီးမီးယားလိဂ် ရာသီအစမှာ လီဗာပူးကို အကောင်းဆုံး ဟန့်တားခဲ့တာဖြစ်ပြီး အဲဗာတန်နည်းပြဟောင်းက လီဗာပူးရဲ့ နည်းစနစ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။

ဆေးဗားက “ နေရာလွတ်တွေကို အသုံးချပြီး တိုက်စစ်ဆင်ကစားရာမှာ လီဗာပူးက အရမ်းကို ကြမ်းတမ်း ရက်စက်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ပထမပိုင်းမှာ အဲ့လို အခိုက်အတန့်တွေအတွက် ကျနော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်။

လီဗာပူးအသင်းက ဘောလုံးနဲ့အတူဆိုရင်ပဲ ကြမ်းတမ်းတာ မဟုတ်ဘဲ ဘောလုံးမပါချိန်မှာလည်း မှန်ကန်တဲ့ နည်းလမ်းတွေအတွက် တိုက်ခိုက်ကြသူတွေဖြစ်ပါတယ်။ ပထမပိုင်းမှာ နောက်ဆုံးမိနစ်အချိန်ထိ လီဗာပူးကို ကျနော်တို့တွေ ယှဉ်ပြိုင် အံ့တုနိုင်ခဲ့ပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပြီး ပွဲအပြီးမှာ ရမှတ် ၁ မှတ်ရခဲ့တာအတွက် ဆေးဗားက ကျေနပ်နေပါတယ်။ ဒါပေမယ့် သရေတစ်မှတ်ကို အနိုင် ၃ မှတ်ရသလိုတော့ မပျော်နေပါဘူးလို့ သူက ပြောပါတယ်။

“ သရေတစ်မှတ်ကို အနိုင်ရလဒ်လို့ မခံစားရပါဘူး။ သရေက သရေပါပဲ။ ဒါပေမယ့် တစ်မှတ်ထက်ပိုပြီး ကျနော်တို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးက ပိုပြီး ထိန်းချုပ်လာနိုင်ပေမယ့်လို့ ကျနော်တို့က ပထမပိုင်းမှာ အတော်လေး စုဖွဲ့မှု ကောင်းမွန်ခဲ့ပါတယ်။

ကျနော်တို့ရဲ့ ပွဲစတင်ပုံက သိပ်ကို ကောင်းမွန်သလို ကောင်းမွန်တဲ့ ပုံစံကောင်းတွေအတွက် ပရိသတ်တွေနဲ့ ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီပွဲက အရေးကြီးခဲ့ပါတယ်။ အရမ်းကောင်းတဲ့ ဘောလုံးရာသီ ရခဲ့တဲ့ ကျနော်တို့က ဒီမှာ အစကောင်းဖို့ လိုခဲ့ပါတယ်။ ၃ မှတ်ရခဲ့ရင် ပိုကောင်းမယ်ဆိုပေမယ့် မှန်ကန်တဲ့ ခံယူချက်၊ ကြိုးစားလိုစိတ်နဲ့ လိုအင်ဆန္ဒတွေကို ဒီပွဲမှာ ပြသနိုင်ခဲ့ပါတယ် ” လို့ ဆေးဗားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် သြဂုတ်လ ၁၆ ရက်နေ့မှာ ပဲလေစ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။