ဖူလ်ဟမ်နဲ့ လီဗာပူးပွဲစဉ်မှာ မီထရိုဗစ် ခြေထဲက ဘောလုံးကို ရှင်းထုတ်ခဲ့စဉ် ဗန်ဒိုက်က ခြေခတ်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်က ပင်နယ်တီ ပေးခံရဖို့ ထိုက်တန်ရဲ့လား ဆိုတဲ့ မေးခွန်းကို ပွဲပြီးစကားပြောပေးဖို့ ရောက်လာတဲ့ ကလော့ပ်ကို သတင်းသမားတွေက မေးခဲ့ကြပါတယ်။

ကလော့ပ်ကတော့ ဗန်ဒိုက်က ဘောလုံးကို ထိခဲ့ပါတယ်လို့ တုန့်ပြန်ခဲ့သလို ဖူလ်ဟမ်ရဲ့ ပထမဂိုးမှာလည်း ဟန်ဒါဆန်ကို ဖူလ်ဟမ်အသင်းသားက ပြစ်ဒဏ် ကျူးလွန်ခဲ့ပါတယ်လို့ မှတ်ချက်ပေးခဲ့တယ်။

ရလဒ်အတွက် ဒိုင်လူကြီးနဲ့ VAR ကို အပြစ်ပြောစကားတွေတော့ မလုပ်ခဲ့ဘဲ တစ်ပတ်အတွင်း ခြေစွမ်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့တာ ဘာကြောင့်လဲ အဖြေရှာဖို့အတွက် ကလော့ပ်က စိတ်အားထက်သန်နေပါတယ်။

ယာဂင်ကလော့ပ်က ” ပင်နယ်တီလားဆိုရင် ဗန်ဒိုက်က ဘောလုံးကို ထိခဲ့တယ်လို့ ပြောတာ ကြားပါတယ်။ ရလဒ်က အကောင်းဆုံး သတင်းလို့ပဲ ပြောချင်ပါတယ်။ ဖူလ်ဟမ်ရဲ့ ပထမဂိုး မတိုင်ခင်မှာ ဟန်ဒိုကို ပြစ်ဒဏ်ကျူးလွန်သွားခဲ့သေးတယ် မဟုတ်လား။

ကျနော် ဒီနေရာမှာ ထိုင်နေပြီး စကားပြောနေတာက ကျနော် လုပ်နေတာနဲ့ လုပ်ရမယ့် ကိစ္စပါပဲ။ ရလဒ်တစ်ခုရခဲ့တာကို ကျနော် ကျေနပ်ပါတယ်။ ဒီပွဲမှာ အနိုင် ၃ မှတ်လည်း ရလိုခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာတွေထက် ဒီထက် ပိုကောင်းကောင်းကစားခဲ့တာကို တကယ်ပဲ မြင်လိုခဲ့ပါတယ်။ ကျနော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။

အသင်းကစားပုံ မကောင်းခဲ့တာကြောင့် ကျနော်ရဲ့ ခံစားချက်တွေ ကောင်းမနေပါဘူး။ အရင်အပတ်က မန်စီးတီးနဲ့ပွဲမှာ ကစားတာ ကောင်းခဲ့ပြီး ဒီအပတ်ပွဲမှာ ကစားတာ မကောင်းခဲ့တာက ကျနော်ရဲ့ တာဝန်ပါပဲ။ ရာသီကြိုမှာ အရမ်းကောင်းခဲ့ပေမယ့် ၇ ရက်အကြာမှာတော့ လုံးဝကြီး ပြောင်းပြန်လှန်ပလိုက်တဲ့ ခြေစွမ်းတွေပဲ ဖြစ်လာခဲ့တယ်။ အဲ့တာက အဓိပ္ပာယ်မရှိသလို ကျနော်မှာ တာဝန်ရှိပါတယ်။

ခင်ဗျားတို့ မေးတာတွေကို လာဖြေပေးနေပေမယ့် ဒီကိစ္စပဲ ခေါင်းထဲမှာရှိနေတယ်။ ဒီအခြေအနေမှာ ဘာကြောင့် ကျနော်တို့တွေ ဒီလို မှားယွင်းခဲ့သလဲဆိုတာကို အဖြေရှာဖို့ပဲ ခေါင်းထဲမှာ ရှိနေပါတယ် ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။