၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အဖွင့်ပွဲကို သရေရလဒ်ပဲ ရယူနိုင်တာကြောင့် အနိုင် ၃ မှတ် အပြည့်မရခဲ့ပါဘူး။ ဖူလ်ဟမ်ကို ရင်ဆိုင်တဲ့ပွဲမှ ပြောစရာ အချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

မျက်နှာသစ်တွေကို ရင်ဆိုင်ပြီး နှေးကွေးစွာ စတင်ခြင်း

ဘောလုံးရာသီတိုင်းမှာ အခက်ခဲဆုံး ပွဲတစ်ပွဲကတော့ ပရီးမီးယားလိဂ် တန်းတက် ကလပ်တွေကို ရင်ဆိုင်ရတဲ့ အမှတ်ပေးပွဲစဉ်ပါပဲ။ ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ ကလပ်တွေဟာ ရာသီကုန်မှာ တန်းဆင်းသွားဖို့ ရေပန်းစားလေ့ရှိပေမယ့် ၃ သင်းထဲက တစ်သင်းလောက်ကတော့ တင်ကျန်လေ့ရှိပါတယ်။

လီဗာပူးအသင်းက အဲ့လို အသင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အကြောက်တရားကင်းကာ စိတ်ဓါတ်ပြင်းပြတဲ့ အသင်းတစ်သင်းကပေးတဲ့ ထိုးနှက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးတောင် ကောင်းကောင်းမထိန်းနိုင်ဘဲ ဘောလုံးပိုင်ဆိုင်မှုတွေကိုလည်း ဖြုန်းတီးခဲ့ကြတာဖြစ်တယ်။

ဒီပွဲမှာ ဖူလ်ဟမ်ရဲ့ ခြေစွမ်းခြေစနဲ့ လီဗာပူးကို ရှိန်မနေဘဲ တန်ပြန်ကစားမှုတွေက အထင်ကြီးစရာပါပဲ။

ကွင်းလယ် ပြဿနာ

ပထမပိုင်း လီဗာပူးစွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့တာကတော့ ကွင်းလယ်ကနေ ဘောလုံး လုံးဝ ထွက်မလာခဲ့တာပါ။ ခံစစ်ကနေ မာတစ်၊ ဗန်ဒိုက်တို့ အဝေးဘောပေးဖို့ ကြိုးစားမှုတွေ အလုပ်မဖြစ်တာကြောင့် ကွင်းလယ်လူတွေကို ဘောလုံးပေးနေခဲ့ပေမယ့် တိုက်စစ်ကို မဖြန့်နိုင်ခဲ့ပါဘူး။

ပိုင်ဆိုင်မှုရှိထားချိန်မှာ ဘောလုံးမဖြန့်နိုင်ခဲ့တဲ့ ကွင်းလယ်ဟာ ပြိုင်ဘက်ရဲ့ ကောင်တာ တိုက်စစ်တွေကို ဟန့်တားရာမှာလည်း လေးလံ ထိုင်းမှိုင်းနေခဲ့ပါတယ်။ အထူးသဖြင့် ဖာဘင်ညိုရဲ့ ကစားပုံက တော်တော်လေးကို ဆိုးရွားနေခဲ့တာပါ။ ဟန်ဒါဆန်ထံက ထူးခြားတဲ့ အားထုတ်မှု မမြင်ခဲ့ရဘဲ ကွင်းလယ်လူတွေထဲမှာ ဘောလုံးဖြန့်ဝေမှု အကောင်းဆုံး သီယေဂိုကတောင် ဆာလာတို့ လိုသလောက် ဘောလုံးမပေးနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာ မီလ်နာနဲ့ ဟာဗေး ဝင်ရောက်ကစားပြီး ဟန်ဒါဆန်က နံပါတ် ၆ နေရာကို ပြောင်းကစားစဉ်မှာတော့ ကွင်းလယ်က တက်ကြွလာခဲ့ပါတယ်။ ဒုတိယပိုင်း လူစားလဲမှုကနေ ကစားကွက် သက်ရောက်မှုအရ လီဗာပူးကွင်းလယ်ဟာ အပြောင်းအလဲ လိုနေပြီဆိုတာ မြင်သာပါလိမ့်မယ်။

ဒါဝင်ရဲ့ သက်ရောက်မှု

ရာသီစပဲ ရှိသေးပေမယ့် လီဗာပူးအသင်းဟာ ဒါဝင် နူးညက်စ်ထံကနေ သက်ရောက်မှုကြီးတွေကို ရနေခဲ့ပြီဖြစ်ပါတယ်။ ကလပ်တွေဟာ ဘောလုံးရာသီသစ်တိုင်း လူသစ်တွေ ခေါ်ယူတယ်ဆိုတာက ဒီလို စိတ်သစ် လူးသစ် အားထုတ်မှု အသစ်တွေကို လိုချင်တာကြောင့်ပဲ ဖြစ်ပါတယယ်။

ဒါဝင် နူးညက်စ်ဟာ သူဘယ်လို ကစားသမားလဲဆိုတာကို အမြင့်ဆုံးအဆင့်မှာ သက်သေပြနိုင်ဖို့ လီဗာပူးကို ရောက်လာခဲ့သူဖြစ်ပါတယ်။ မန်စီးတီးက ချန်ပီယံမို့ ပိုကြိုးစားမယ်၊ ဖူလ်ဟမ်က တန်းတက်အသင်းမို့ လျော့ကန်မယ်ဆိုပြီး ခွဲခြားတဲ့ ခံယူချက်မျိုး သူ့ထံကနေ မမြင်ရဘဲ ဘယ်ပြိုင်ဘက်ကိုမဆို ဂိုးသွင်းဖို့ကပဲ သူ့ရဲ့ ခံယူချက်ဖြစ်ပါတယ်။

ဒါကပဲ မှန်ကန်တဲ့ စိတ်ထားဖြစ်ခဲ့ပြီး လူစားဝင်လာပြီး မိနစ် ၄၀ လောက်ပဲ ကစားခဲ့ပေမယ့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးလို စွမ်းဆောင်ပြခဲ့ပါတယ်။ ဒီရာသီမှာ သူ့ထံက ဒီလို တက်ကြွတဲ့ ခံယူချက်နဲ့ ကစားဟန်ကို ဆက်မြင်လိုကြပါလိမ့်မယ်။

လူငယ်ကြယ်ပွင့်များ

ဟာဗေးနဲ့ ကာဗာရိုတို့ဟာ ဆယ်ကျော်သက် ကစားသမားတွေဖြစ်ပေမယ့် သူတို့အတွက် အခုထက် ပိုကောင်းတဲ့ အခွင့်အရေး ထပ်ရှိဖို့ မလွယ်တော့ပါဘူး။ လီဗာပူးပရိသတ်တွေက လက်ရှိ ကွင်းလယ်အတွက် မပျော်ကြပါဘူး။ ဒဏ်ရာရလွယ်တဲ့ ကွင်းလယ်လူတွေ များနေချိန်မှာ ကလော့ပ်ရဲ့ ကွင်းလယ် အားဖြည့်ဖို့အတွက် မျက်နှာလွဲထားမှုက ပရိသတ်တွေကို ခံစားရ ခက်စေပါတယ်။

ဒါပေမယ့် ဟာဗေးနဲ့ ကာဗာရိုအတွက် ဒါဟာ အကြီးမားဆုံး အခွင့်အရေးဖြစ်ပါတယ်။ လက်ရှိ စီနီယာအသင်းမှာ ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာတို့ ကြံ့ခိုင်မှု ကောင်းမွန်နေပြီး မကြာခင် ကိတ်တာ ပြန်လာပါတော့မယ်။ သူတို့ ၄ ဦးကလွဲလို့ ရွေးစရာ မရှိတဲ့ အခြေအနေမှာ ကလော့ပ်ဟာ ဟာဗေးနဲ့ ကာဗာရိုတို့ကို သေချာပေါက် ပွဲထုတ်ရမှာဖြစ်ပါတယ်။

အတွေ့အကြုံ နည်းနေကြသေးပေမယ့် ဟာဗေးနဲ့ ကာဗာရိုဟာ ပွဲကစားခွင့်ရရင် သူတို့ရဲ့ အလားအလာကို ထုတ်ပြနိုင်ကြမယ့် အရည်အချင်းရှိသူတွေပါ။ ကလော့ပ်က ကာဗာရိုကို ဘယ်ခြမ်း တောင်ပံသမားအဖြစ် သုံးနေပေမယ့် ကွင်းလယ်နေရာက ထည့်သုံးဖို့ပါ အခွင့်အရေး ရှိနေပါတယ်။

ချန်ပီယံဖြစ်လိုရင် တုန့်ပြန်ပြနိုင်ရမယ်

ရာသီအဖွင့်ပွဲကတော့ အနိုင် ၃ မှတ် မရခဲ့ပါဘူး။ အဖွင့်ပွဲကို လီဗာပူးအသင်း အနိုင်မရခဲ့တာက ခပ်ရှားရှားဖြစ်တာကြောင့်ရော၊ အမှတ်ပေးဖလား လက်လွတ်ရတဲ့ နှစ်တွေမှာ သရေရမှတ်တွေကြောင့် ထိခိုက်တာကြောင့်ပါ ဒီရလဒ်ကို ပရိသတ်တွေ မပျော်နိုင်ပါဘူး။

ဒါပေမယ့်လို့ သရေမဟုတ်ဘဲ ရှုံးခဲ့ရင်တောင် နောက်ထပ် ၃၇ ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ ခြေလှမ်း မှားခဲ့ပြီးရင် မှန်ကန်တဲ့ ဦးတည်ချက်ကို ခပ်မြန်မြန် ပြန်ရှာနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အခြားသော အမြင်လေးတွေရှိရင်လည်း ပြောပေးကြပါဦးဗျာ။