တိုက်စစ်သမား လူးဝစ် ဒီယက်စ်ဟာ ကမ္ဘာ ဈေးအကြီးဆုံး ကစားသမား ၁၀ ဦးစာရင်းထဲကို ဝင်ရောက်နိုင်တဲ့ တစ်ဦးတည်းသော လီဗာပူးအသင်းသား ဖြစ်လာခဲ့ပါတယ်။

CIES Football Observatory ကနေပြီး ကမ္ဘာဈေးအကြီးဆုံး ကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ရာမှာ ဒါကို မြင်လာရတာပါ။ ၎င်းတို့ရဲ့ တွက်ချက်မှုက ကစားသမားတွေရဲ့ အသက်အရွယ်၊ သူတို့ရဲ့ လက်ရှိကလပ်မှ စာချုပ်၊ စွမ်းဆောင်ရည်၊ ကလပ်တွေရဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ အချက်ပေါင်း များစွာအပေါ် အခြေခံ တွက်ချက်တာပါ။

ဇန်နဝါရီတုန်းကတော့ လီဗာပူးရဲ့ ညာအစွန်လူ ထရန့်ဟာ တန်ကြေး ယူရို ၁၁၂ သန်းနဲ့အတူ ဈေးအကြီးဆုံး လီဗာပူးကစားသမား ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ထရန့်ရဲ့ တန်ကြေးက ကျသွားခဲ့ပြီး ညာအစွန်လးဟာ လီဗာပူးရဲ့ ဒုတိယ ဈေးအကြီးဆုံး ကစားသမား စာရင်းမှာပဲ ပါဝင်ခဲ့တယ်။ သူဟာ ဈေးအကြီးဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

ဒီယက်စ်ကတော့ ယူရို သန်း ၁၁၀ ဈေးသတ်မှတ်ခံရပြီး အခြားသော ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဟာလန်း (ယူရို ၁၅၂ သန်း)၊ ဖိုဒန် (ယူရို ၁၂၄ သန်း) တို့နဲ့အတူ ပါဝင်လာခဲ့တယ်။ ထိပ်ဆုံး ၁၀ ဦးစာရင်းရဲ့ ဒီယက်စ်ရဲ့ အဆင့် ရပ်တည်မှုက အဆင့် ၈ ဖြစ်ပါတယ်။

လီဗာပူးကစားသမားတွေအဖြစ်ဆိုရင် ထရန့် ယူရို ၈၇.၄ သန်း၊ ဂျိုတာ ယူရို ၈၅.၃ သန်း၊ အယ်လီဆန် ယူရို ၆၈.၄ သန်း၊ ဆာလာ ယူရို ၅၅ သန်းတို့ ဖြစ်ပါတယ်။ သူတို့ကလွဲရင် အခြားသော ကစားသမားတွေ မပါဝင်လာပါဘူး။

တစ်ခုထပ်ရှိတာက ဒီတစ်ကြိမ် ဖော်ပြမှုဟာ ဆာလာနဲ့ ဂျိုတာတို့ရဲ့ စာချုပ်သစ် မတိုင်ခင် ကာလတွေကို အခြေခံ တွက်ချက်မှုဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်း ထွက်ပေါ်လာမယ့် တွက်ချက်မှုတွေမှာ သူတို့ နှစ်ဦးရဲ့ တန်ကြေးတွေက လက်ရှိထက် အများကြီး ပိုမြင့်လားမယ်လို့ သိရပါတယ်။