လီဗာပူးနဲ့ ကိတ်တာတို့ရဲ့ စာချုပ်သစ်ကိစ္စ စကားပြောမှုတွေ အဆင်မပြေ ဖြစ်လာခဲ့တာနဲ့အတူ ဒီနွေဈေးကွက်မှာ ကွင်းလယ်လူသစ် ထပ်ပြီး ခေါ်ယူမလားဆိုတဲ့ မျှော်လင့်ချက်တွေဟာ အသင်းပရိသတ်တွေကြားမှာ ရေပန်းစားလာပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိတ်တာဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိနေတာပါ။ ဒီလထဲမှာပဲ သူနဲ့ စာချုပ်သစ်ကိစ္စ စကားပြောရာမှာ အဆင်မပြေမှုတွေ ရှိလာတယ်လို့ သိရတာဖြစ်တယ်။ ကိတ်တာက သီယေဂို၊ ချိန်ဘာလိန်တို့နဲ့ မသက်ဆိုင်ပါဘဲ လီဗာပူးမှာ မပျော်ရွှင်ဖြစ်နေတယ်လို့ သိရတယ်။

ဆိုလိုတာကတော့ ကာဗာရို၊ ဟာဗေးတို့ ပွဲထွက်ခွင့်တွေ ပိုရလာခြင်းနဲ့အတူ သူ့ရဲ့ ပွဲမကစားရတဲ့ အခြေအနေကို ကိတ်တာက သဘောမကျဖြစ်နေတာလို့ နားလည်ရတယ်။ ဒါပေမယ့် စကားပြောမှုက လုံးဝ အဆင်မပြေတာမျိုး မဟုတ်ဘဲ ကလပ်နဲ့ သူ့ရဲ့ အေးဂျင့်ကြားမှာ ဆက်ဆံရေးကောင်းက ခိုင်မာနေဆဲ ဖြစ်ပါတယ်။

အကယ်လို့ ကိတ်တာက လီဗာပူးကနေ ထွက်ခွင့်ရဖို့ တွန်းအားပေးလာခဲ့ပြီဆိုရင် လီဗာပူးက ကွင်းလယ်လူသစ် ခေါ်ယူလိမ့်မယ်လို့ ယူဆစရာရှိပါတယ်။ ဒါကလည်း ရာသီကြိုမှာ ကလော့ပ်ရဲ့ ပြောဆိုမှုတွေက တစ်ဆင့် ကောက်ချချရတာပါ။

“ ကွင်းလယ်မှာ တစ်ခုခုဖြစ်လာမယ်လို့ ကျနော်တော့ မထင်ပါဘူး ဒါပေမယ့် သိတော့ မသိနိုင်ဘူးပေါ့ဗျာ။ တစ်ယောက်ယောက်က ‘ကျနော် သွားချင်တယ်’ လို့ ပြောလာရင်တော့ လုပ်ရမှာပေါ့ (ဈေးကွက်ထဲ ဝင်မယ်ကို ဆိုလို)။

ဘယ်သူကမှတော့ အခုထိ လာမပြောကြသေးဘူး။ ဒါပေမယ့် အဲ့လို ပြောလာရင်လည်း ကျနော်တို့ စကားပြောကြဦးမှာပါ ” လို့ ကလော့ပ်က ပြောခဲ့တာဖြစ်ပါတယ်။

နှစ်ပတ်အကြာ သြစတြီးယား အင်တာဗျူးမှာတော့ ကစားသမား ထွက်ခွာမှုတွေ ရှိလာဖို့ မရှိခြင်းနဲ့အတူ ကွင်းလယ်လူသစ် ထပ်ခေါ်ဖို့ မရှိတော့ဘူးလို့ မန်နေဂျာက ထပ်ပြောခဲ့တယ်။

ကလော့ပ်က “ အကယ်လို့ ဘယ်ကစားသမား အသင်းကနေ ထပ်ထွက်တာ မရှိတော့ရင် ကျနော်တို့ရဲ့ ဈေးကွက်က ပြီးပါပြီ။ ဒါမှမဟုတ် ဆိုးရွားတဲ့ ဒဏ်ရာတွေ ထပ်မဖြစ်ခဲ့ရင် ကျနော်တို့ ပြီးပါပြီ။

ကျနော်ကတော့ လူသစ် ခေါ်ယူဖြစ်တော့မယ် မထင်ပါဘူး။ လီဗာပူးပရိသတ်တွေ အနေနဲ့ အခြားသော ကိစ္စတွေကို အာရုံစိုက်ဖို့ပါပဲ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ကိတ်တာဟာ ကလော့ပ်ရဲ့ နည်းစနစ်မှာ ၄ နှစ်ကြာ ပါဝင်ခဲ့သူဖြစ်လို့ ကစားသမားသစ်ထက်စာရင် သူ့ကို ဆက်ထိန်းတာကပဲ ဒဏ်ရာစာရင်း များနေတဲ့ အသင်းအတွက် ပိုအကျိုးရှိပါမယ်။ အဓိက ပြဿနာက ကိတ်တာရဲ့ ကြံ့ခိုင်ရေးဟာ ယုံကြည်လို့ မရတဲ့ အခြေအနေဖြစ်သလို သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း တည်ငြိမ်မှု မရှိပါဘူး။

လူသစ်ခေါ်ယူလို့ အထိုင်ကျမယ်ဆိုတာ ပြောရခက်တဲ့ ကိစ္စဆိုရင် ကိတ်တာကို ဆက်ထိန်းလို့လည်း ပွဲတွေမှာ သုံးနိုင်မယ်ဆိုတဲ့ အာမခံချက် မရှိပြန်ပါဘူး။ ဒီအချက်ကြောင့်ပဲ သူထွက်ခွာပြီး ကွင်းလယ်လူသစ် ဝင်လာရေးက ပရိသတ်တွေ မျှော်လင့်နေတဲ့ ကိစ္စတစ်ခု ဖြစ်လာနေခဲ့တာပဲ ဖြစ်ပါတယ်။