ဒီရာသီမှာ လီဗာပူးအတွက် ကိစ္စတွေက စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ရာသီအစမှာ ဖူလ်ဟမ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားရမှာဖြစ်လို့ မနှစ်ကအဆင့် ၂ ရခဲ့တဲ့ အသင်းက မခက်ခဲဘဲ နိုင်ပွဲတွေရလိမ့်မယ်လို့ ထင်ထားခဲ့ကြပေမယ့် တကယ်တမ်းမှာ နှစ်ပွဲလုံး သရေသာ ကျခဲ့ပါတယ်။

ပဲလေ့စ်နဲ့ အန်ဖီးကပွဲမှာ ဒါဝင် ထုတ်ပယ်ခံခဲ့ရတဲ့နောက် ဒီယက်စ်က လီဗာပူးအတွက် သရေတစ်မှတ်ရအောင် ကယ်ဆယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဝင် ထုတ်ပယ်ခံခဲ့ရတာဟာ လီဗာပူးတို့ ဘောလုံးပိုင်ဆိုင်မှု လွှမ်းမိုးထားခဲ့တဲ့ ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပွဲကို လွှမ်းမိုးထားနိုင်ပေမယ့် ရှင်းလင်းသေချာတဲ့ အခွင့်အရေးတွေကို အသုံးချဖို့ ရုန်းကန်ခဲ့ရပြီး အဆုံးသတ်နိုင်စွမ်းတွေ အင်အားနည်းပါးနေခဲ့ပါတယ်။ အဝင်အထွက်တွေ ပြတ်သားပြီး ကစားကွက် ထိန်းချုပ်ရာမှာ စိတ်ချရလေ့ရှိတဲ့ လီဗာပူးအသင်းက ပဲလေစ့်ပွဲမှာ တန်ပြန်တိုက်စစ်ကို ကာကွယ်မှုရာမှာ ပြဿနာတွေရှိခဲ့ပါသေးတယ်။

လီဗာပူးအသင်းဟာ စာရွက်ပေါ်မှာ ၄-၃-၃ ပုံစံနဲ့ ကစားလေ့ရှိပေမယ့် တကယ်တမ်းမှာ ၂-၅-၃ ပုံစံ ပိုပြီးတော့ ကစားပါတယ်။ တောင်ပံ အစွန်လူတွေနဲ့ နံပါတ် ၈ ကွင်းလယ်လူတွေက တိုက်စစ်အတွက် လိုက်ပါပူးပေါင်းကြချိန် ဗဟိုခံစစ်မှူး နှစ်ယောက်နဲ့ သူတို့ရှေ့က ဖာဘင်ညိုဟာ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ကို ကာကွယ်တဲ့ အတားအဆီးတွေအဖြစ် ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ အဲ့ဒီ့လို တာဝန်မျိုး ယူနိုင်တဲ့ ကွင်းလယ်ခံစစ်ကစားသမားက အနည်းငယ်သာရှိပြီး အများအားဖြင့် တခြားအသင်းတွေဟာ ကွင်းလယ်ခံစစ်နှစ်ယောက်နဲ့ နောက်တန်းကို ကာကွယ်တဲ့ပုံစံ ကစားကြသလို သုံးယောက်တန်း ခံစစ် ကစားကြတာကို မြင်တွေ့ရမှာပါ။

ဖာဘင်ညိုကတော့ သူတစ်ယောက်ထဲ ခံစစ်ရှေ့ဆောင်အနေနဲ့ အဓိက ကစားနေပါတယ်။ ဒါပေမယ့် ဒီရာသီနှစ်ပွဲလုံး၊ အထူးသဖြင့် ပဲလေ့စ်နဲ့ပွဲမှာ သူ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ အဲ့ဒီ့ပွဲမှာ ခံစစ်ဧရိယာအတွင်း နှစ်ယောက်ယှဉ်လုရာမှာ ၅ ကြိမ် ရှုံးနိမ့်ခဲ့ပြီး အမြင့်ဘောတိုက်ပွဲတွေမှာလည်း မအောင်မြင်ခဲ့ပါဘူး။

နိုင်ပွဲမရခြင်းအတွက် တရားခံအဖြစ် ဖာဘင်ညိုကို လက်ညှိုးထိုးခြင်းဟာ မတရားပေမယ့် အနည်းဆုံးတော့ အသင်းဘာလို့ ရုန်းကန်နေရသလဲဆိုတာ ကျနော်တို့ လေ့လာကြည့်ရပါလိမ့်မယ်။

ဒီအပိုင်းကို လေ့လာရတာကလည်း ကလော့ပ်ရဲ့ ယူနိုက်တက် ပွဲကြို ပြောဆိုမှုနဲ့ သက်ဆိုင်ပါတယ်။ နည်းပြကလော့ပ်က ပဲလေစ့်ပွဲမှာ ပေးရတဲ့ ပေးဂိုးမှာ လူကျွံဖမ်းတာ မပါးနပ်ခဲ့တဲ့ နက်ဖီးလစ်ကြောင့်ထက် အခြား တစ်နေရာက အားနည်းခဲ့တာလို့ ပြောပြခဲ့ပါတယ်။

” လူတွေက ပဲလေစ့်ဂိုးဟာ နက်ဖီးလစ်ကြောင့် ဆိုတာမျိုး ပြောနေကြတာကို ကျနော် သိပါတယ်။ အဲ့သွင်းဂိုးအတွက် အခြားသော တစ်နေရာက ခုခံမှု လုပ်ရမှာဖြစ်ပါတယ်။ ပေးချက်ကို ခွင့်ပြုလိုက်ရပြီး ဘောလုံးက ဆက်ကစားရဖို့ ဖြစ်လာချိန်မှာ ခုခံဖို့က မဖြစ်နိုင်တော့ပါဘူး ” လို့ ကလော့ပ်က ဆိုခဲ့တာပါ။

ဖာဘင်ညိုရဲ့ အထနှေးနေတဲ့ ဒီရာသီ ခြေစွမ်းနဲ့ သူ့နားမှာ ကွင်းလယ်တွဲဖက်တွေ အထိုင်မကျတာနဲ့ ပေါင်းပြီးတော့ အသင်းက ရုန်းကန်နေခဲ့ရပါတယ်။ ဖာဘင်ညိုကိုပဲ အပြစ်တင်နေလို့ မရတဲ့ အချက်ကတော့ လီဗာပူးဟာ ဗဟိုကွင်းလယ်မှာ ဒဏ်ရာပြဿနာတွေနဲ့ အားနည်းနေခဲ့တာကြောင့် ကလော့ပ်အနေနဲ့ ကွင်းလယ်ကို မကြာခဏ အပြောင်းအလဲ လုပ်နေရပါတယ်။

နှစ်ယောက်အတူ ပုံမှန်တွဲကစားမှသာ ရရှိနိုင်တဲ့ အချင်းချင်းနားလည်မှုနဲ့၊ စည်းဝါးကိုက်မှု မရှိတာကြောင့် အကျိုးဆက်အနေနဲ့ ဖာဘင်ညို ကာကွယ်ရမယ့် ခံစစ်နေရာတွေက ကျယ်ပြန့်သွားခဲ့တာကို မြင်တွေ့ရပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်က မပါခဲ့တဲ့ ဟာဗေးနဲ့ ဂျိမ်းစ်မီနာတို့ကို နံပါတ် ၈တွေအဖြစ် ဖာဘင်ညိုက ထပ်တွဲခဲ့ရပါတယ်။

အကယ်လို့ မီလ်နာနေရာ ဖာဘင်ညိုအကြောင်း နားလည်တဲ့ သီယေဂို ဒါမှမဟုတ် ဟန်ဒါဆန် ဆိုရင် ဒီလို ဟာကွက်ကြီး ဖြစ်ဖို့ ခဲယဉ်းပါတယ်။ မီလ်နာကတော့ သက်လုံပိုင်းမှာ စကာားပြောလာခဲ့ပြီး အတက်အဆင်း အရမ်း မလိုက်နိုင်ပါဘူး။ ပဲလေစ့်ပွဲမှာ ဟန်ဒါဆန်ကို ပွဲထွက်က သုံးလို့မရခဲ့တာကလည်း နစ်နာခဲ့ပါတယ်။

ဘရာဇီးသားဟာ သူ့ရဲ့ ရာသီအစ အထနှေးတာကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ လီဗာပူးတစ်သင်းလုံးလည်း အဲ့လိုပါပဲ။ ကွင်းလယ်လူတွေ အထိခိုက် များနေချိန်၊ ဒီရာသီ အသင်းက ရုန်းကန်နေရချိန်မှာ ဖာဘင်ညိုရဲ့ နည်းစနစ်ပိုင်း မှားယွင်းမှုတွေကို ကလော့ပ် နားလည်နေတာက အကောင်းမြင်စရာ ဖြစ်ပါလိမ့်မယ်။

လီဗာပူးဟာ လာမယ့်ပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပါတယ်။ ဒါဟာ ဒီရာသီကို တဆစ်ချိုး ပြောင်းလဲဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်း ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်သလို ဖာဘင်ညိုက အရေးပါတဲ့ စွမ်းဆောင်ရှင်တစ်ဦး ဖြစ်လာပြီး အမှားတွေကို ချေဖျက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။