ဒီရာသီမှာ လီဗာပူးအသင်းက ထိပ်ဆုံးနေရာအတွက် ထပ်မံတိုက်ပွဲဝင်ရမယ်လို့ အများက မျှော်လင့်ထားပေမယ့် နှစ်ပွဲကစားအပြီး နှစ်မှတ်သာ ရခဲ့တဲ့ လီဗာပူးဟာ မန်စီးတီးနဲ့ ၄ မှတ် ကွာဟခဲ့ပြီး ဖြစ်ပါတယ်။

နောက်ဆုံး လေးရာသီအတွင်း ပရီးမီးယားလိဂ် ထိပ်ဆုံး ၂ သင်းနေရာကို ၃ ကြိမ် ရယူခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးဟာ ထပ်မံပြီး ဆုဖလားအတွက် တိုက်ပွဲဝင်ဖို့ မျှော်လင့်ခံထားရတာပါ။ လီဗာပူးဟာ မကြာခင်မှာ အရှိန်မြင့်လာရမှာဖြစ်ပြီး ဖလားပြိုင်ဘက်တွေရဲ့နောက်ကို ထပ်ကျန်ခဲ့လို့ မရတော့ဘူးဆိုတာ ဆာလာက သိထားတာပါ။

လီဗာပူးရဲ့ သရေနှစ်ပွဲက ရှုံးပွဲလို ခံစားရလားလို့ မေးမြန်းခဲ့ရာ ဆာလာက “ ဒါက ကျွန်တော့်အတွက်တင် မဟုတ်ဘဲ လူတိုင်းအတွက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အစောပိုင်းမှာ တစ်မှတ်တောင် ဆုံးရှုံးလို့ မရဘူးဆိုတာ သိမယ်လို့ ထင်ပါတယ်။

စီးတီးနဲ့ တိုက်ခိုက်ရမယ်၊ ချယ်ဆီးနဲ့ တိုက်ခိုက်ရမယ်။ သူတို့နှစ်သင်းက ခပ်လွယ်လွယ် အမှတ်ဆုံးရှုံးမယ့် အသင်းတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ သေချာပြန်အာရုံစိုက်ပြီး နိုင်ပွဲတွေ ကြိုးပမ်းဖို့ပဲ လိုပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးဟာ အဲဗာတန်ကိုနိုင်၊ စပါးနဲ့ သရေကျခဲ့ပြီး လက်ရှိမှာ လီဗာပူးထက် ၂ မှတ်အသာရထားပါတယ်။ လီဗာပူးဟာ အိုးထရက်ဖို့ဒ်မှာ ရှုံးလို့မရဘူးဆိုတာ သိထားပြီး ရှုံးလိုက်လို့ရှိရင် ရာသီအစ ၃ ပွဲမှာတင် စီးတီးနဲ့ ၇ မှတ် ကွာဟသွားတော့မှာ ဖြစ်ပါတယ်။

“ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲက ဒီမြို့အတွက်၊ ပရိသတ်တွေအတွက်၊ ကမ္ဘာတဝှမ်းက လူတိုင်းအတွက် အမြဲတမ်း ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ ဒါက အင်္ဂလန်မှာ သမိုင်းကြောင်းအရ အကြီးမားဆုံး နှစ်သင်းဖြစ်တယ်။ လူတိုင်းအတွက် ထူးခြားတဲ့ပွဲပါပဲ။

စီးတီးနဲ့ ၇ မှတ်ကွာသွားရင် အနည်းငယ် ဖိအားများလာနိုင်တယ်။ ဒါပေမယ့် အဲ့အကြောင်း စဉ်းစားဖို့ စောလွန်းနေသေးတယ်လို့ ထင်တယ်။ ကျွန်တော်တို့မှာ အခု အဲ့ဒါကို တွေးဖို့ အချိန်မရှိဘူး ” လို့ ဆာလာက ဆိုပါတယ်။

ပြီးခဲ့တဲ့လက ကွန်မြူနတီဒိုင်းမှာ စီးတီးကို အနိုင်ရခဲ့တဲ့ လီဗာပူးဟာ နောက်ထပ် ခက်ခဲတဲ့ရာသီအတွက် အဆင်သင့် ဖြစ်နေခဲ့တဲ့ပုံပါပဲ။ ရာသီအစ အထနှေးနေပေမယ့် လီဗာပူးဟာ မကြာခင် အရှိန်မြင့်လာနိုင်မယ်လို့ ဆာလာက ယုံကြည်နေဆဲ ဖြစ်ပါတယ်။

” ကျွန်တော်တို့ လိုချင်ခဲ့တဲ့ပုံစံအတိုင်း မစတင်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါက ပွဲရဲ့ သဘောသဘာဝပါပဲ။ ကျွန်တော်တို့ တုံ့ပြန်ရမယ်။ ပထမ၂ပွဲမှာ ၄မှတ်ဆုံးရှုံးခဲ့ပေမယ့် ဒါက ဖြစ်တတ်ပါတယ်။

လူတိုင်းက ဒီရာသီအတွက် စိတ်လှုပ်ရှားနေမယ် ထင်ပါတယ်။ လူတိုင်းက ကျွန်တော်တို့ရဲ့ပုံစံကို ထပ်မံပြသချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်သွားဖို့ပဲလိုပါတယ်။ အတိတ်ကို မပြောင်းလဲနိုင်ဘူး။ ဒါကြောင့်ပဲ နောက်ပွဲတွေကို အာရုံစိုက်ရမှာပါ” လို့ ဆာလာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။