နွေဈေးကွက် လက်ကျန်ကာလမှာ ကွင်းလယ်လူ နာဘီကိတ်တာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် လီဗာပူးအသင်း ပြန်လည် ခေါ်ယူမယ့် ကစားသမားက ဆန်ဒါဘာ့ချ်ဖြစ်လာနိုင်တယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ် နော်ဝေသား ကွင်းလယ်လူဟာ လက်ရှိ ရှက်ဖီး ယူနိုက်တက်မှာ ကစားနေတာဖြစ်ပြီး လီဗာပူးအသင်း ခေါ်ယူဖို့ အလားအလာရှိသူ စာရင်းထဲ ပါဝင်လာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အပြောင်းအရွှေ့က ဖြစ်လာဖွယ် မရှိကြောင်း Neil Jones က ဆိုခဲ့ပါတယ်။

လီဗာပူးသတင်းထောက် Neil Jones က ပြောရာမှာ “ ဆန်ဒါဘာ့ချ်က အသင်းကြီးတွေ အများအပြားနဲ့ သတင်းရှိနေပါတယ်။ ဂျန့်ကလည်း သူ့ကို ခေါ်ယူလိုနေတယ်။ သူတို့အတွက် ဘာ့ချ်က နာမည်ရှိ ကစားသမားဖြစ်ပါတယ်။

သူ့ရဲ့ ကစားသမားနောက်ကြောင်း၊ အတိတ်တုန်းက သူလာခဲ့တဲ့ အသင်းကို ကြည့်ပြီးရင် သူ့လို ကစားသမားက ချန်ပီယံရှစ်မှာ ကစားနေရတာကို မြင်ရတော့ အဲ့ထက် ပိုမြင့်တဲ့ အဆင့်မှာ ကစားခွင့်ရသင့်သူလို့ လူတိုင်းက တွေးမိကြမှာပါပဲ။

ရှက်ဖီးယူနိုက်တက်ကနေ လီဗာပူးကို ပြောင်းတာက ကြီးမားတဲ့ ခုန်ကျော်မှု ဖြစ်လာပါလိမ့်မယ်။ ကျနော် ကိုယ်ပိုင်အမြင်အရတော့ လီဗာပူးက သူ့ကို ခေါ်မယ်လို့ မထင်ဘူး။ ဒါပေမယ့် သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ရှက်ဖီးကနေ ထွက်ပြီး ပရီးမီးယားလိဂ်မှာ ကစားလိုတယ်ဆိုရင်တော့ သူက ရွေးချယ်ဖို့သင့်တဲ့ ကစားသမားတစ်ယောက်ပါပဲ။

ပရီးမီးယားလိဂ်ကလပ် တစ်သင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားရင် ကျနော်တော့ အံ့သြမိမှာ မဟုတ်ပါဘူး။ ကိတ်တာထွက်မှ ပြောကြရအောင်ပါ။ သူ့အတွက် ရူးလောက်တဲ့ ကမ်းလှမ်းမှု ဝင်လာပြီး လီဗာပူးက လူတစ်ယောက် ပြန်ဖြည့်ဖို့လိုမယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ အပြောင်းအလဲ တစ်ခုခုကို မြင်ရပါလိမ့်မယ်။

ဘာ့ချ်က ကိတ်တာနေရာ အစားဝင်မယ်လို့ ကျနော် မပြောပါဘူး။ ဘာ့ချ်က လီဗာပူး လူစာရင်းထဲ တိုက်ရိုက် ဝင်ရောက်တာဖြစ်ဖြစ် ကာလရှည် ပလန်နဲ့ပဲဖြစ်ဖြစ် အံဝင်နိုင်မယ်လို့ ကျနော်တော့ မထင်ပါဘူး ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ နည်းပြကလော့ပ်ကတော့ ကိတ်တာ ထွက်ဖွယ် မရှိဘူးလို့ ပြောဆိုထားပေမယ့် ဂျာမာန်သတင်းတွေကတော့ ဂူနီယာကွင်းလယ်လူဟာ ဘွန်ဒက်လီဂါကို ပြန်လိမ့်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြတာပဲ ဖြစ်ပါတယ်။