ကုန်ခဲ့တဲ့ ၂၄ နာရီအတွင်း လီဗာပူးပရိသတ်တွေကြားမှာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုရဲ့ နာမည်က အတော်လေး ရေပန်းစားလာနေခဲ့ပါတယ်။

အကြောင်းကတော့ အီကွေဒေါ သတင်းဌာနက သတင်းထောက် Jose Alberto Molestina ကနေပြီး လီဗာပူးအသင်းဟာ အသက် ၂၀ နှစ်အရွယ် အီကွေဒေါ ကွင်းလယ်လူကို ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ သတင်းကို ကြေညာသွားခဲ့လို့ပဲ ဖြစ်ပါတယ်။

လီဗာပူးဘက်က ဘရိုက်တန် ကွင်းလယ်လူအတွက် ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းမယ်လို့ အဆိုပါ သတင်းထောက်က ဖော်ပြခဲ့တယ်။ ခိုင်မာတဲ့ ရင်းမြစ် မဟုတ်တာကြောင့် လီဗာပူးပရိသတ်တွေက မယုံကြည်ပေမယ့်လို့ နောက်ဆက်တွဲ ကိစ္စတွေကြောင့်ပဲ ကိုင်ဆီဒိုရဲ့ နာမည်ဟာ လူပြောများလာခဲ့ပါတယ်။

ကိုင်ဆီဒိုဟာ လက်ရွေးစင်အသင်းရဲ့ အားထားရမယ့် ကြယ်ပွင့်ဖြစ်သလို သူ့ရဲ့ အပြောင်းအရွှေ့ သတင်းကို အီကွေဒေါ သတင်းဌာနက စတင်ဖော်ပြလာခဲ့တယ်။ ဥပမာအားဖြင့်ဆိုရင် လူးဝစ် ဒီယက်စ်နဲ့ ဒါဝင် နူးညက်စ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေက သက်ဆိုင်ရာ ပြည်တွင်း သတင်းတွေကနေ အရင်ဆုံး ဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။

ကိုင်ဆီဒိုကို ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားပေမယ့် ကစားသမားက ပယ်ချခဲ့တယ်လို့လည်း အီကွေဒေါ သတင်းဌာနက ဖော်ပြသွားတယ်။ ဒါပေမယ့်လို့ ကစားသမား ကိုယ်တိုင်ကတော့ လီဗာပူး၊ ယူနိုက်တက်၊ အာဆင်နယ်တို့က သူ့ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ တွစ်တာကပုံကို သဘောကျကြောင်း ပြသခဲ့ပါတယ်။

ဒါ့အပြင် ကိုင်ဆီဒိုဟာ လီဗာပူး ကစားသမား အများအပြားကို အင်စတာဂရမ်မှာ follow ထားခဲ့တာကြောင့် ယာဂင်ကလော့ပ်ရဲ့ အသင်းကို အထင်ကြီးရင်းစွဲ ရှိထားသူလို့ ယူဆမှုတွေ ရှိနေတယ်။

လီဗာပူးအသင်းက လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်ကုန်မယ့် မီလ်နာ၊ ချိန်ဘာလိန်၊ ကိတ်တာတို့နေရာမှာ လူငယ် ကွင်းလယ်လူတွေနဲ့ အစားထိုးလိုတယ်ဆိုတာ လူတိုင်း သိထားကြပါပြီ။ ကိုင်ဆီဒိုရဲ့ အသက်အရွယ်ဟာ လီဗာပူး ရှာဖွေနေတဲ့ ကစားသမား အသက်အရွယ်ပိုင်းမှာ ရှိထားသူပါ။

၂၀၂၃ နွေမှာ အဓိက ခေါ်ယူမှုကြီးအဖြစ် ဒေါ့မွန်မှ ဘယ်လင်ဟမ်ကို အရခေါ်မယ်လို့ သတင်းကြီးပေမယ့် လီဗာပူး အပြောင်းအရွှေ့ လှုပ်ရှားမှု အစဉ်အလာတွေအရ အနည်းဆုံး ဘယ်လင်ဟမ်လို ကစားသမားမျိုး ၃ ဦးကို အသင်းဘက်က စောင့်ကြည့်နေပါလိမ့်မယ်။

သတင်းအစထွက်လာခဲ့ပြီမို့ ရသလောက် ဆွဲထုတ်နိုင်အောင် မာဆေးဆိုဒ် သတင်းဌာနတွေက ကိုင်ဆီဒို သတင်းတွေကို စတင် ဖော်ပြနေကြပြီဖြစ်ကာ နောက်ဆက်တွဲ ဘာတွေ ဆက်သိလာရမလဲတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။