ဒီအပတ် အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်ပွဲကို ပြိုင်ဘက် ပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် ပွဲပျက်ရမယ်ဆိုရင် အနိုင်သုံးမှတ် ပေးရပါလိမ့်မယ်လို့ ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။

ဒီပွဲအတွက် နှစ်သင်းလုံး ပြင်ဆင်ချိန် တစ်ပတ်အပြည့် ရထားပေမယ့်လို့ အိုးထရတ်ဖိုဒ့်မှာ သရဲနီပရိသတ် ၁၀၀၀၀ ကျော်က ဆန္ဒပြဖို့ ပြင်ဆင်နေတာကြောင့် ပွဲကစားနိုင်မယ် အာမခံချက် မရှိပါဘူး။ မနှစ်ကရာသီ မတိုင်ခင် ဘောလုံးရာသီတုန်းကလည်း တူညီတဲ့ ဆန္ဒပြပွဲကြောင့် ပွဲကို ဖျက်သိမ်းခဲ့ရသေးတာပါ။

ပွဲကို ရွှေ့ဆိုင်းလိုက်မယ်ဆိုင် လီဗာပူးရဲ့ ပွဲစဉ်ဇယားက အတော်လေး ရှုပ်ထွေးသွားနိုင်ပြီး ပွဲကြပ်ကာလမှာ တစ်ပွဲထက်တိုးရမှာဖြစ်လို့ ပြိုင်ပွဲစုံ အနေအထားအတွက်ကော ဒဏ်ရာပြဿနာတွေအတွက်ပါ ထိခိုက်မှု ရှိလာနိုင်ပါတယ်။

‘ ပွဲဖျက်ရတာတွေ မဖြစ်လာဖို့ ကျနော် တကယ်ကို မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အဲ့လိုဖြစ်လာခဲ့ရင် ကျနော်တို့က ၃ မှတ်ရသင့်တယ်လို့ ထင်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေက ဒီပွဲကစားတာကို မဖြစ်စေချင်ဘူးဆိုရင်လည်း ကျနော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး။ အရမ်းကို ပွဲကြပ်မယ့် ကာလမှာ ဒီပွဲကို နေရာပြန်ချဖို့ ကျနော်တို့ ထပ်ပြီး လုပ်နိုင်မှာ မဟုတ်ပါဘူး ’ လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ကမ္ဘာဖလား မတိုင်ခင် နိုင်ဝင်ဘာလမှာတင် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲကို ရွှေ့ဆိုင်းခြင်းက လီဗာပူးရဲ့ လက်ကျန် ဘောလုံးရာသီကို သွားရောက် ထိခိုက်မှု ကြီးမားဖို့ ရှိပါတယ်။

‘ ယူနိုက်တက်နဲ့ ရင်ဆိုင်ရပါမယ်။ ပွဲကို ကစားပြီး အိမ်ကို ပြန်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ဒီအခြေအနေကြောင့် ပွဲဖျက်ရရင် အခြားအသင်းက ရမှတ်ရသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မကစားရအောင် လုပ်တာက သူတို့ဖြစ်သလို ကျနော်တို့က ဒီပွဲကို ကစားဖို့ပဲ ပြင်ဆင်နေခဲ့တာပါ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။