ဒီနွေမှာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိ စာချုပ်သစ် ချုပ်ဆိုထားတဲ့ ဆာလာဟာ မတူညီတဲ့ အရည်အချင်းတွေမှာ ဆက်လက် တိုးတက်လာနေတယ်လို့ ကလော့ပ်က ပြောပြလာခဲ့ပါတယ်။

လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို အဓိက တာဝန်ယူပေးနေတဲ့ ဆာလာဟာ ဘယ်သန် ကစားသမား တစ်ဦးဖြစ်ပြီး ဒီရာသီမှာတော့ ညာခြေကိုလည်း ပိုပြီး အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ကလော့ပ်ကပဲ ဆာလာရဲ့ ညာခြေက ဖြတ်တင်ဘောကောင်းတွေတောင် လုပ်နိုင်နေတယ်လို့ ဆိုခဲ့တာကြောင့်ပါ။

ဆာလာထံက ညာခြေကို အသုံးပြုတဲ့ ဖြတ်တင်ဘောကို မြင်နေရခြင်းကို ကလော့ပ်က သဘောကျနေပြီး ‘လှည့်ဖျားမှုအသစ်’ လို့ မှတ်ချက်ပေးခဲ့တယ်။ ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် အီဂျစ်သား တိုက်စစ်မှူးဟာ အမြဲတမ်း တိုးတက်မှုတွေအတွက် ကြိုးစားနေသူအဖြစ်ပါ ချီးကျူးခဲ့ပါတယ်။

“ ကျနော်ထင်တယ် ဒီနွေအားလပ်ရက်မှာ ဆာလာက သူ့ရဲ့ ညာခြေကို ပိုကောင်းအောင် လုပ်ထားပါတယ်။ သူက အမြဲတမ်း တိုးတက်လာနေတဲ့သူပါ ” လို့ ကလော့ပ်က ရယ်မောပြီး ပြောပါတယ်။

“ ရူးလောက်စရာပါ။ ကုန်ခဲ့တဲ့ နှစ်အနည်းငယ်က သူအသင်းကို ရောက်လာပြီးနောက်မှာ အပြင်ကနေ အတွင်းကို ချိုးဝင်ဖို့မှာ သူက ညာခြေကို သုံးခဲ့ပါတယ်။ ပြီးရင်တော့ ရုတ်တရတ် ဘယ်ခြေနဲ့ ကန်သွင်းတော့တာပေါ့။ ချယ်ဆီးကို ရင်ဆိုင်တုန်းက သူရခဲ့တဲ့ သွင်းဂိုးဟာ အမှတ်ရစရာပါပဲ။

ဒီရာသီမှာတော့ သူက ညာခြေနဲ့ ဖြတ်တင်ဘောတွေပါ လုပ်နေပါတယ်။ ဆာလာက ထိပ်တန်း ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ သူက ပွဲထဲမှာ ဒီလိုမျိုး စကေးအသစ်တွေကို ထည့်သွင်းနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။

သူက ထိပ်တန်းဆိုတဲ့ တိုက်စစ်မှူးဖြစ်တယ်။ သူရခဲ့တဲ့ ကိန်းဂဏန်းတွေဟာ သွင်းဂိုးတွေတင် မဟုတ်ပါဘူး။ ဂိုးထောက်ပံ့မှုကလည်း သိပ်ကို အားကောင်းပါတယ် ” လို့ ကလော့ပ်က ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ဆာလာဟာ ညာခြေကိုလည်း အတော်လေး အသုံးပြုလာနေတာဖြစ်ပြီး နိုင်ပွဲလိုအပ်နေတဲ့ အသင်းအတွက် သူ့ထံကနေ ဖန်တီးမှုကော သွင်းဂိုးတွေပါ ပိုမို မြင်တွေ့လာရဖို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။