နည်းပြကလော့ပ်က ဒီအပတ် အင်္ဂလန်ဒါဘီ ပွဲကြိုမှာ ယူနိုက်တက်တို့ ပိုင်ဆိုင်ထားတဲ့ လူစာရင်းထဲက တစ်ဦးချင်း ကောင်းမွန်မှုတွေအပေါ် သတိထားရမယ်လို့ မှတ်ချက်ပေးစကား ပြောဆိုပါတယ်။

တန်ဟက်ဟာ သူ့အသင်းကို သူ့စိတ်ကြိုက် အရှိန်အဟုန်ပြင်းပြင်း ကစားပုံမှာ သွပ်သွင်းဖို့ ရုန်းကန်ခဲ့ရပြီး ရာသီကြိုမှာ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ် ၂ ပွဲမှာ ၂ပွဲရှုံးနိမ့်ခဲ့တာက အပြောင်းအလဲလုပ်ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သက်သေပြခဲ့တာပါ။

ဒါပေမယ့်လို့ ယူနိုက်တက်မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများအပြား ရှိနေပြီး အသင်းလိုက် စုဖွဲ့မှု မတိုးတက်သေးပေမယ့် တစ်ဦးချင်းမှာတော့ ထူးချွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်သူတွေ ရှိနေပါတယ်။

“ သူ ဘာလုပ်ချင်တယ်ဆိုတာ ထင်ရှားပါတယ်။ သူက ခံစစ်ကနေစပြီး အသင်းကို တည်ဆောက်ချင်တယ်။ ရာသီကြိုမှာ သူတို့နဲ့ ကစားခဲ့ရပါတယ်။ အဲ့ဒီ့မှာ သူ့ရဲ့ high-pressing ကစားချင်တဲ့ပုံစံကို မြင်တွေ့နိုင်ခဲ့ပါတယ်။

အဲ့တုန်းက ကျွန်တော်တို့က အဆင်သင့် မဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ အမှားတချို့ လုပ်ခဲ့ပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ အမှားတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။

ယူနိုက်တက် တိုက်စစ်ရဲ့ တစ်ဦးချင်း အရည်အသွေးက မယုံနိုင်စရာပါ။ မာရှယ် ကစားရနိုင်တယ်လို့ ကျွန်တော်ကြားတယ်။ သူက ရာသီကြိုမှာ ကျွန်တော်တို့နဲ့ ရင်ဆိုင်ကစားပြီး ပွဲကောင်းတစ်ပွဲ ကစားခဲ့သူပါ။ သူ့ရဲ့ နည်းစနစ်နဲ့ လျင်မြန်မှုကို တွေ့ခဲ့ရပါတယ်။

ယူနိုက်တက် ကွင်းလယ်မှာလည်း အရည်အသွေးကောင်းတွေ ရှိနေတယ်။ အဲရစ်ဆင်၊ ဖာနန်က်စ်၊ ဗန်ဒီဘိခ်၊ ဖရက်နဲ့ တော်မီနေးတို့ကို သူ ပွဲထုတ်လို့ ရပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ အဖြေရှာရမယ်။

သူတို့ကစားခဲ့တဲ့ ၂ ပွဲကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ ဒါကြောင့် တန်ဟက် အပြောင်းအလဲလုပ်လာမှာလား၊ ဘာတွေ အပြောင်းအလဲ လုပ်မလဲဆိုတာတွေကို စဉ်းစားအဖြေရှာရမှာပါ။ အဖြေရှာမရရင်တော့ ပွဲထဲကျမှာပဲ ကြည့်ရမှာပေါ့ ” လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။