တိုက်စစ်မှူး ဆာလာက ယူနိုက်တက်ကို ရင်ဆိုင်ရတဲ့ပွဲမှာ သွင်းဂိုးရယူဖို့ အာရုံစိုက်မှာဖြစ်သလို အဓိကအားဖြင့် အသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်ဖို့ပါပဲလို့ အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုပါတယ်။

ဆာလာဟာ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားထားတဲ့ နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၇ ဂိုးထိ ရယူထားတာပါ။ အကယ်လို့ ဒီညပွဲမှာ ဆာလာ ဂိုးသွင်းနိုင်မယ်ဆိုရင် ယူနိုက်တက်ကို အမှတ်ပေးပွဲ ၄ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် လီဗာပူးကစားသမား ဖြစ်လာစေပါမယ်။

မိုဆာလာက “ ယူနိုက်တက်ကို ရင်ဆိုင်ရမှာက ပွဲကြီးတစ်ပွဲပါ။ ဒီပွဲနဲ့ပတ်သက်ပြီး ကျနော် အမြဲတမ်း စိတ်လှုပ်ရှားပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက ‘ယူနိုက်တက်ကို ရင်ဆိုင်ပြီး မင်း ဂိုးမသွင်းဖူးဘူးနော်’ လို့ အပြောခံခဲ့ရတယ်။

အဲ့တာကပဲ အပြောင်းအလဲဖြစ်ခဲ့တာပါ။ ဒါပေမယ့် အားလုံးကို စိတ်ထဲမှာပဲ ထားပါတယ်။ အသင်းပွဲတွေ နိုင်ဖို့နဲ့ ရမှတ်တွေ ရဖို့အတွက် သွင်းဂိုးတွေနဲ့ ကူညီပေးဖို့ပဲ ကြိုးစားပါတယ်။ ဒါကပဲ အရေးအကြီးဆုံးဖြစ်ပါတယ်” လို့ ပြောဆိုခဲ့တယ်။

ဆာလာရဲ့ နောက်ထပ် သွင်းဂိုးက သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၁၅၉ ဂိုးမြောက် ဖြစ်လာပါလိမ့်မယ်။ ဒါဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားစာရင်းမှာ ဆာလာကို နံပါတ် ၈ နေရာကို ရစေမှာဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံး ကစားသမားတွေဖြစ်တဲ့ ရော်ဘီ ဖောင်လာ (၁၂၈ ဂိုး)၊ စတီဗင် ဂျရတ် (၁၂၀ ဂိုး) ကို ကျော်ဖြတ်ဖို့ရာ ဆာလာက ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၉ ဂိုး ရထားခဲ့ပြီးဖြစ်ပါတယ်။

အချက်အလက်တွေကို သိထားပေမယ့် တစ်ဦးချင်း မှတ်တမ်းကောင်းတွေထက် အသင်းလိုက် ဆုဖလား အောင်မြင်ရေးကို ပိုအလေးထားပါကြောင်း ဆာလာက အခုလို ပြောဆိုသွားပါတယ်။

” ကျနော် မညာပါဘူး။ စံချိန်တွေအကြောင်းကို ကျနော် သိပါတယ်။ ဒါပေမယ့် အသင်းနိုင်ပွဲရဖိုပဲ ကူညီပေးလိုပါတယ်။ တစ်ဦးချင်း စံချိန်ကပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ဒီရာသီမှာ အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလားကို အနိုင်ရချင်ပါတယ်။ ” လို့ ဆာလာက ပြောခဲ့တာပဲ ဖြစ်ပါတယ်။