မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်သွားတဲ့နောက် လီဗာပူးအသင်းဟာ ဒီရာသီ ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၁ပွဲမှကို မရသေးဘဲ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ရွိုင်ကိန်းကတော့ ညက ပွဲ အပြီးမှာ သူသာ ကလော့ပ် ဆိုရင် လီဗာပူးအသင်း ကို ကြည့်ပြီး စိုးရိမ်နေပြီ လို့ ဆိုလိုက်ပြီး ခံစစ်မှုး ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းနေတာကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

” ကျနော်သာ ကလော့ပ်ဆိုရင် ဒီည မြင်ရတဲ့ လီဗာပူးအသင်းကို ကြည့်ပြီး စိုးရိမ်နေလောက်ပြီ။ ခံစစ်ပိုင်းကို ကြည့်ရင် သူတို့ ကစားသွားတာ အရမ်းကို ရိုးလွန်းနေတယ်။ ဖူလ်ဟမ်နဲ့ ပွဲက စလို့ပါပဲ။

ဗန်ဒိုက် ဆိုရင်.. ဖူလ်ဟမ်၊ ပဲလေ့စ် ပွဲတွေမှာ သူ ပို ကောင်းကောင်း လုပ်နိုင်ခဲ့သင့်တာ။ ဒီည ဆိုလည်း သူက ဂျိမ်းစ် မေနာနဲ့ အငြင်း ပွားနေသေးတယ်။

ဒါမျိုးတွေက ဖြစ်တတ်တယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ဖြစ်တတ်တာထက် ကို ပို ဖြစ်နေသလားလို့။ ကစားသမားတွေ ကြားထဲမှာ ပုံမှန်ထက် ပိုပြီး ကွဲလွဲမှုတွေ ဖြစ်နေတယ်။ ” လို့ ရွိုင်ကိန်းက ထောက်ပြခဲ့ပါတယ်။

ဗန်ဒိုက်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းသွားတဲ့ ဆန်ချို ကို လိုက် မပိတ်နိုင်ခဲ့သလို သူ့ အမှား အတွက် မေနာ ဆူပူတာကိုလည်း ခံနေခဲ့ရပါတယ်။

နယ်သာလန်သားဟာ ပွဲအတွင်း ခံစစ် ကစားတာက တိုးတက်မလာခဲ့ဘဲ ရက်ဖို့ဒ် သွင်းဂိုး အတွက်လည်း နေရာလွတ်တွေ များစွာ ပေးခဲ့ပါသေးတယ်။ အချက်အလက်တွေ အရ ဗန်ဒိုက်ဟာ ညက ပွဲမှာ ဘောလုံး ဆုံးရှုံးမှု ၁၃ ကြိမ် ရှိခဲ့ပြီး ဘောလုံး ဖြတ်တောက်တာ ၂ ကြိမ်နဲ့ ပိတ်ဆို့တာ ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ နောက်ပွဲ အဖြစ် လာမယ့် စနေနေ့မှာ ဘုန်းမောက်ကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ထိုပွဲမှာ အနိုင် ၃ မှတ်ကို ဒီရာသီ ပထမဆုံးအကြိမ် ရယူနိုင်မလား စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။