ချယ်ဆီးအသင်းဟာ လက်စတာ နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ အတွက် တတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် သန်း ၇ဝ နဲ့ ပြုလုပ်ခဲ့သော်လည်း လက်စတာက ပယ်ချသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းပြောင်းဖို့ တောင်းဆိုနေတဲ့ ဖိုဖာနာ ကိုလည်း လက်စတာ U21 အသင်းထံ ပို့ပြီး လေ့ကျင့်စေနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အကြီးအကဲတွေက နွေဈေးကွက် မပိတ်ခင်မှာ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူနိုင်ဦးမယ် လို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လက်စတာမှ ဖိုဖာနာ ကို မရခဲ့ရင် အစားထိုး ပစ်မှတ် အဖြစ် ဘရိုက်တန်ရဲ့ အဒမ် ဝက်စ်တာ ကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်းမှာ ချယ်ဆီး ခံစစ်ကြောင်းက ကစားသမား အဝင်၊ အထွက်တွေ ရှိလာဦးမယ် လို့ အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဆိုထားပါတယ်။ ချယ်ဆီး ကစားသမား အထွက်ထဲမှာ အမ်ပဒူက အငှား ထွက်ဖွယ် ရှိနေသလို ချာလိုဘတ်ကလည်း အင်တာမီလန် အပါအဝင် ဥရောပအသင်း တော်တော်များများ အလိုရှိခံနေရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ PSV အသင်းမှ နယ်သာလန် တောင်ပံတိုက်စစ်သမား ကိုဒီ ဂတ်ပို ကို ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဂတ်ပို ကို အာဆင်နယ်ကလည်း စိတ်ဝင်စားလာနေပါတယ်။

နယူးကာဆယ် ကြယ်ပွင့် အလန် စိန့် မက်ဇီမင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရေဒါထဲ ယခင်ဈေးကွက် ကာလတွေ ထဲက ပါဝင်ခဲ့ဖူးပြီး ဒီအပြောင်းအရွှေ့မှာလည်း ဆက်လက် ပစ်မှတ်ထားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။