ယူနိုက်တက် တိုက်စစ်သမား ရက်ဖိုဒ့်က အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ရင်ဆိုင်ရမယ့် အမှတ်ပေးပွဲကနေ အနိုင်သုံးမှတ် ရယူပြီး သူတို့အသင်းအတွက် လန်းဆန်းမှုတွေ ပြန်ရှာလိုနေပါတယ်။

ရာသီသစ်ကို နည်းပြသစ်နဲ့ စတင်လာတဲ့ ယူနိုက်တက်က အဖွင့်ပွဲ ၂ ပွဲဆက်တိုက် အရေးနိမ့်အပြီး လီဗာပူးနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ ကလော့ပ်ကတော့ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရမယ်လို့ မှတ်ချက်ပေးထားပြီး ရက်ဖိုဒ့်ကပါ ငယ်စဉ်တည်းက အမြဲတမ်း ပြိုင်ဘက်ဖြစ်ခဲ့တဲ့ လီဗာပူးကို အနိုင်ယူဖို့ မျှော်လင့်နေပါတယ်။

” ရိုးရိုးသားသား ပြောရရင် ခံစားချက်တွေက အတိတ်တုန်းကနဲ့အတူတူပါပဲ။ ဘယ်အသင်းနဲ့ ရင်ဆိုင်ရပါစေ အနိုင်ရချင်ပါတယ်။ ဒါပေမယ့် လီဗာပူး၊ မန်စီးတီးသားတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် ယူနိုက်တက်အတွက် ကစားပေးပြီး သက်သေပြချင်တာပေါ့။

လီဗာပူးကို နိုင်ရတာက ကလေးဘဝတုန်းက ခံစားချက်တွေလိုပဲ သိပ်ကို ကောင်းပါလိမ့်မယ် ” ဆိုပြီး ရက်ဖိုဒ့်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကို ရင်ဆိုင်ကစားရာမှာ ရက်ဖိုဒ့်က သွင်းဂိုး ၅ ဂိုး ရခဲ့ဖူးပါတယ်။ တိုက်စစ်သမားကတော့ ပြိုင်ဘက်ကြီးကို သွင်းဂိုးတွေရတာကို ကျေနပ်နေပြီး ဂိုးတွေ သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

” ဒါပေါ့။ ကျနော် ဂိုးတွေသွင်းနိုင်ခဲ့တာ ကိစ္စကြီးပါပဲ။ ပွဲအပြီးမှာ သွင်းဂိုးက သွင်းဂိုးပါပဲ။ ဘယ်အသင်းကိုပဲ ရင်ဆိုင်ရပါစေ ဂိုးသွင်းနိုင်ဖို့ လိုတာပါပဲ။ ဒါပေမယ့် ဂိုးသွင်းနိုင်တာက ကြီးမားတဲ့ ခံစားချက်ကို ပေးပါတယ်။ ဒါက ကစားသမားအနေနဲ့ တောင့်တတ့ ကိစ္စဖြစ်ပါတယ် ” လို့ ဆက်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

တနင်္လာနေ့ညမှာ ယူနိုက်တက်ပရိသတ်တွေ ဆန္ဒပြကြတာကြောင့် ပွဲပျက်မယ့် အနေအထားမျိုး မရင်ဆိုင်ရဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။ ရက်ဖိုဒ့်ကတော့ ဒီပွဲမှာ သူတို့ ပရိသတ်တွေထံက အားပေးမှုတွေ ရမယ်လို့ မျှော်လင့်နေပါတယ်။

ရက်ဖိုဒ့်က ” ကျနော် မှတ်မိတာက လီဗာပူးကို အနိုင်ရချိန်မှာ ပရိသတ်တွေရဲ့ ကူညီပေးမှုကလည်း အရမ်းကို ကြီးမားပါတယ်။ ဒီပွဲတွေက ရုပ်ပိုင်းဆိုင်ရာ အရကော စိတ်ပိုင်းဆိုင်ရာ အရပါ ခက်ခဲပါတယ်။ ဒါကြောင့် ဒီပွဲမှာ ပရိသတ်တွေကို လိုပါတယ်။

ပွဲအတွက် သူတို့က အားပေးကြပါလိမ့်မယ်။ ကျနော်တို့ လုပ်ခဲ့တဲ့အတိုင်းပဲ လီဗာပူးကို အနိုင်ယူတာကို ပရိသတ်တွေက မြင်လိုကြပါလိမ့်မယ် ” လို့ ဆက်ပြောသွားတာ ဖြစ်ပါတယ်။