မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် မှာလည်း ဆောက်သမ်တန်ကို ဆက်လက် အနိုင်ယူခဲ့တာကြောင့် ပရီးမီးယားလိဂ် နှစ်ပွဲ ဆက် နိုင်ပွဲ ရထားပြီ ဖြစ်ပါတယ်။

ညက ပွဲအပြီးမှာ နည်းပြ တန်ဟက်ကတော့ သူ့အနေနဲ့ အသင်းမှာ ရှိနေတဲ့ တိုက်စစ်သမားတွေနဲ့ ကျေနပ်ပြီး တိုက်စစ်မှုးသစ် ခေါ်ယူဖို့ မရှိကြောင်း ဆိုလိုက်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အေဂျက်မှ အန်တိုနီ အပါအဝင် တိုက်စစ်မှုး အချို့နဲ့ ချိတ်ဆက်တဲ့ သတင်းတွေက ဆက်တိုက် ရှိနေပါတယ်။

” ရပ်ဖို့ဒ်က အတော် ထိရောက်မှု ရှိတယ်။ ဒီနေ့ပွဲမှာဆို ဒုတိယပိုင်းပြန်စတဲ့ ၁၅ မိနစ်မှာ အတော် ကောင်းတယ်။ သူက ဒီခါတော့ ဂိုးပေါက်တည့်မှ ဖြစ်မယ်ဆိုတာ သဘောပေါက်တယ်။ ဒီနေ့ အသင်းနိုင်သွားတဲ့ အခွင့်အရေးတွေ အခြေအနေတွေကို သူ ဖန်တီးပေးခဲ့တာပါ။

သူက ဒုတိယပိုင်းမှာ အတော် အကောင်းကောင်း ကစားခဲ့ပြီး တိုက်စစ်မှာ အရေးကြီးတဲ့နေရာကနေ ပါဝင်သွားတယ်။ ဒါမျိုး ကျနော် မျှော်လင့်ထားတာပဲ။ ဘောလုံးနဲ့ အတူ ဖိအားတွေ အများကြီးရှိနေပြီ ဆိုရင် တိုက်စစ်မှုး တစ်ယောက် ယောက်က ဒါကို ဖော်ထုတ်ပြဖို့ပါ။ သူ ဒါကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။

ကျနေ်ာတို့မှာ ခရစ္စတီယာနို ရှိတယ်၊ အန်တိုနီ မာရှယ်နဲ့ ရက်ဖို့ဒ် ရှိတယ်။ ဒီတော့ ရှိတဲ့ တိုက်စစ်မှုးတွေနဲ့ အဆင်ပြေ နေပါတယ်။ ” လို့ တန်ဟက်က ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ရာသီက အငှားလွှတ်ခဲ့တဲ့ တိုက်စစ်မှုး မာရှယ်ကိုလည်း သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။